အဆုတ်ထဲမှာ အမာရွတ်တွေရှိနေတာ ဘာကြောင့်လဲ
ခန္ဓာကိုယ်အရေပြားပေါ်မှာ ထိခိုက်ဒဏ်ရာရပြီးရင် အနာကျက်သွားတဲ့အခါ အမာရွတ်တွေ ကျန်ခဲ့သလို အဆုတ်ထဲက တစ်ရှူးတွေ ထိခိုက်ဒဏ်ရာရပြီးရင်လည်း အမာရွတ်တွေ ကျန်နိုင်ပြီး ဆေးပညာအားဖြင့် Pulmonary Fibrosis လို့ ခေါ်ပါတယ်။
Alveoli လို့ခေါ်တဲ့ လေအိတ်ငယ်လေးတွေရဲ့ကြားက တစ်ရှူးတွေမှာ ထူထဲတဲ့ အမာရွတ်တွေ ဖြစ်လေ့ရှိပြီး ထိုအမာရွတ်တွေကြောင့် သွေးကြောထဲကို အောက်ဆီဂျင်ရောက်အောင် သယ်ဆောင်နိုင်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ အမာရွတ် ဖြစ်ရတဲ့အကြောင်းရင်းကတော့ များစွာရှိပါတယ်။
- အလုပ်အကိုင်နဲ့ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကြောင့် ဖြစ်တာ
- ကျောက်မီးသွေးအမှုန်၊ ကျောက်ဂွမ်း၊ ဆီလီကာအမှုန်၊ သတ္ထုအမှုန်တွေ အမြဲရှူရှိုက်နေရတဲ့ လုပ်ငန်းခွင်က သူတွေနဲ့ အနီးတဝိုက်မှာ နေသူတွေ
- တိရိစ္ဆာန် မွေးမြူရေးလုပ်သူတွေ (ကြက်ခြံ၊ ဘဲခြံစသည်)
- ဓာတ်ရောင်ခြည် ကုသမှုနဲ့ဆိုင်တဲ့ အလုပ်လုပ်သူတွေနဲ့
- ဆေးလိပ်သောက်တတ်သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်/
- ဆေးတွေကြောင့် ဖြစ်တာ
- Methotrexate နဲ့ Cyclophosphamide လို ကင်ဆာကုသရာမှာ သုံးတဲ့ဆေးတွေ
- Amiodarone လို နှလုံးစည်းချက် ထိန်းညှိရာမှာ သုံးတဲ့ဆေးတွေ
- Nitrofurantoin နဲ့ Ethambutol လို ပိုးသတ်ဆေးတွေ
- Rituximab နဲ့ Sulfasalazine လို အရောင်ကျဆေးတွေက အဆုတ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
- ရောဂါကြောင့် ဖြစ်တာ
- နမိုးနီးယားအဆုတ်ရောင်ရောဂါ၊
- အရေးပြားထူလေးဖက်နာရောဂါ၊
- သွေးလေးဖက်နာရောဂါ၊
- လေးဖက်နာအဆစ်ရောင်ရောဂါ၊
- GERD လို့ခေါ်တဲ့ အစာအိမ်ထဲက အက်ဆစ်ရည်တွေ ပြန်ဆန်တက်တဲ့ရောဂါ စတာတွေကြောင့် အဆုတ်မှာ အမာရွတ်တွေ ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေကတော့…
- မောတာ
- ချောင်းခြောက်ဆိုးတာ
- အားအင်ကုန်ခမ်းနေတာ
- ကိုယ်အလေးချိန်ကျလာတာ
- ကြွက်သားနဲ့ အဆစ်အမြစ်တွေနာတာ
- လက်ထိပ်ခြေထိပ်လေးတွေက တင်းပုတ်ပုံလို ဖြစ်လာတတ်တာတွေ ပါဝင်ပါတယ်။
- ရုတ်တရက် မောကြပ်တာက အရမ်းဆိုးရင် အသက်ရှူစက်တပ်ဖို့ လိုတဲ့အခြေအနေထိလည်း ဖြစ်နိုင်ပါတယ်။
အမာရွတ်ဖြစ်ပြီးသွားတဲ့ အဆုတ်ရဲ့ ဧရိယာတွေကတော့ ပြန်မကောင်းနိုင်တော့ပါဘူး။ နောက်ထပ်အမာရွတ်တွေ မဖြစ်အောင်နဲ့ အဆုတ်ကျန်းမာအောင် သင့်တော်တဲ့ဆေးတွေပေးတာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခိုင်းတာ၊ အောက်ဆီဂျင်ပေးတာ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းတာနဲ့ လိုအပ်ရင် အဆုတ်အစားထိုးကုသတာတွေ လုပ်လေ့ရှိပါတယ်။
နောက်ဆက်တွဲဆိုးကျိုးတွေက ဘာလဲ?
- အဆုတ်ပျက်စီးသွားတာ (Respiratory Failure)
- အဆုတ်နဲ့ ဆက်စပ်နေတဲ့ နှလုံးညာဘက်အခြမ်းက အလုပ်မလုပ်နိုင်တော့တာ (Cor-pulmonale)
- အဆုတ်တွင်း သွေးဖိအားများလာတာ (Pulmonary Hypertension)
- အဆုတ်အတွင်း ရောဂါပိုးဝင်ရောက်လွယ်တာနဲ့
- အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများလာတာ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။
အမာရွတ်ဆိုရင် ဘယ်အမာရွတ်မှ မကောင်းပါဘူး။ မောကြပ်ပြီး အသက်ရှူမဝ ဖြစ်စေတဲ့ အဆုတ်ထဲက အမာရွတ်ဆိုရင်တော့ ပိုပြီးတော့တောင် မကောင်းပါဘူး။ ဒါကြောင့် အမာရွတ်မဖြစ်ဘဲ ကျန်းမာတဲ့ အဆုတ်ကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ဟင်းသီးဟင်းရွက် များများစားခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ နှစ်စဥ်တုပ်ကွေး ကာကွယ်ဆေး မှန်မှန်ထိုးခြင်းတို့ဖြင့် ကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်
![]() |
Si thu Aung ![]() |
Tbဆေး၆လသောက်ပီးတဲ့အခါ အဆုတ်မှာ အမာရွက်ကျန်နေရင် အမာရွက်ကိုဘယ်လိုပျောက်အောင်ကုလို့ရမလဲဗျ