အံဆုံးအကြောင်း တစေ့တစောင်း
အံဆုံးသွားဆိုတာ ကြီးမှပေါက်တဲ့ ကြီးသွားလို့တောင် တချို့တွေက ခေါ်တတ်ကြပါတယ်။ ပုံမှန်အားဖြင့် ဆယ်ကျော်သက်အရွယ် အသက် (၁၇) နှစ်နဲ့ (၂၁) ကြားမှာ စတင်ပေါက်တတ်ပြီး တချို့တွေမှာတော့ အဲဒီထက် အသက်ကြီးမှ အံဆုံးပေါက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အံသွားတွေရဲ့ နောက်ဆုံးဘက်က သွားဖုံးကို ဖောက်ထွက်ပြီး ပေါက်လာတဲ့သွားဖြစ်သလို စုစုပေါင်း (၄) ချောင်း ပေါက်တတ်ပါတယ်။ အံဆုံးသွားပေါက်တာ (၄) ချောင်းဆိုပေမယ့် ပေါက်တဲ့အချိန်ကတော့ တူချင်မှ တူမှာပါ။
အံဆုံးသွားဟာ ဘယ်အချိန်မှာ ပြဿနာဖြစ်တာလဲ
အံဆုံးသွားဟာ တခြားသွားတွေအကုန်လုံးထက် ကြီးသလို အံသွားအားလုံးပေါက်ပြီးမှ သွားဖုံးကို ဖောက်ထွက်လို့ ပေါက်တာဖြစ်တဲ့အတွက် အံဆုံးသွား ကြီးလာတာနဲ့အမျှ နေရာက ပိုပြီးလိုအပ်လာပါတယ်။ အံဆုံးပေါက်ဖို့အတွက် နေရာက ကျဉ်းနေတာ၊ နေရာအလုံအလောက် မရှိတဲ့အခါ အတည့်အတိုင်း မပေါက်တော့ဘဲ ဘေးကို ချော်ထွက်ပြီး ပေါက်လာနိုင်ကာ ပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှုဝေဒနာကို ခံစားရစေနိုင်တဲ့အပြင် ပေါက်တဲ့နေရာမှာ ပိုးဝင်ပြီး အနာဖြစ်တာ၊ ပြည်တည်တာ၊ ပိုးစားတာ၊ အစရှိတဲ့ ခံတွင်းပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ တခြားပြဿနာအနေနဲ့
- နေရာအလုံအလောက်မရှိတာကြောင့် ပေါက်ရမယ့်အံဆုံးက သွားဖုံးထဲ မြုပ်ရင်း ဆက်မကြီးတော့တဲ့အခါ စားလိုက်တဲ့အစာတွေကို အဲဒီနေရာမှာ သွားပြီးပိတ်ဆို့နိုင်စေပါတယ်။
- အံဆုံးပေါက်ဖို့ နေရာကျဉ်းနေတဲ့အခါ ဘေးဘက်က အံသွားတွေကို တွန်းဖယ်ပြီး ပေါက်ရတဲ့အခါ အံသွားတွေ နေရာလွဲနိုင်ပြီး အဲဒီသွားတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
- အံဆုံးသွားကို သန့်ရှင်းရေးလုပ်ဖို့အတွက် သွားပွတ်ကြိုးထိုးတာ၊ သွားတိုက်တဲ့အခါမှာလည်း အခက်အခဲရှိနိုင်ပါတယ်။
- အံဆုံးသွားပေါက်ရာနေရာဟာ တခြားခံတွင်းနေရာတွေထက် အစာပိုခိုအောင်းနိုင်တာကြောင့် ဘက်တီးရီးယားပိုးတွေလည်း ပိုများနိုင်ပါတယ်။
- ဘေးပတ်လည်က သွားအမြစ်တွေကိုလည်း ထိခိုက်ပျက်စီးစေပြီး သွားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ထောက်ပံ့ပေးနေတဲ့ အရိုးကိုလည်း ဖျက်စီးလိုက်နိုင်ပါတယ်။
အံဆုံးသွားကို မဖြစ်မနေ နှုတ်ဖို့ လိုအပ်သလား
ပုံမှန်အတိုင်း အတည့်ပေါက်တဲ့ အံဆုံးသွားဟာ ခိုးလို့ခုလုဖြစ်တဲ့ ခံစားချက်ကလွဲရင် နာကျင်မှုဝေဒနာကိုလည်း သိပ်မခံစားရပါဘူး။ ဒီအတွက် ကိုယ့်ရဲ့အံဆုံးသွားက ပုံမှန်အတိုင်းဖြစ်နေရင် နှုတ်စရာမလိုအပ်သလို ဆရာဝန်ကလည်း သွားနှုတ်ဖို့ အကြံပေးမှာမဟုတ်ပါဘူး။ အံဆုံးသွားပေါက်နေတဲ့နေရာမှာ တစောင်း၊ ပုံစံလွဲပြီးပေါက်နေတာကြောင့် သွားက ကြီးလာတာနဲ့အမျှ နာကျင်ကိုက်ခဲမှုဝေဒနာတွေ ပိုပြင်းထန်လာတယ်၊ အံဆုံးသွားကြောင့် အစာစားနေရတာလည်း အနှောင့်အယှက်ဖြစ်စေတယ်၊ အံဆုံးသွားပတ်လည်မှာ ပိုးစားပြီး ပြည်တည်နေတယ်၊ အကျိတ်လိုဖြစ်နေတယ်၊ ဘေးအံသွားတွေကို ထိခိုက်စေတယ်၊ သွားပျက်စီးနေတယ်ဆိုရင် ဆရာဝန်အနေနဲ့ သေချာစစ်ဆေးကြည့်ပြီး အံဆုံးနှုတ်ပစ်ဖို့ အကြံပေးပါလိမ့်မယ်။ အကယ်လို့ အံဆုံးသွားတစ်ချောင်းနှုတ်မယ်ဆိုရင် သူနဲ့ဆက်စပ် အပေါ်၊ အောက်မှာရှိတဲ့ အံဆုံးသွားကိုပါ နှုတ်ရနိုင်ပါတယ်။
အံဆုံးသွားဟာ ပုံမှန်အတည့်အတိုင်း ပေါက်နေရင်တောင်မှ သန့်ရှင်းရေးလုပ်ရခက်ခဲတဲ့ အနောက်ဘက် ချောင်အကျဆုံး၊ အကျဉ်းဆုံးနေရာမှာ ပေါက်နေတာဖြစ်လို့ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်ဘူးဆိုရင် နောက်ပိုင်းမှာ သွားနဲ့ခံတွင်း ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီအခါမှာ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကနေ အံဆုံးသွားနှုတ်ဖို့ အကြံပေးလာပါလိမ့်မယ်။
အံဆုံးသွားနှုတ်မယ်ဆိုရင် ဘာတွေသိထားသင့်လဲ
အံဆုံးသွားနှုတ်တဲ့နေ့ကို ဆရာဝန်ဘက်ကနေ ကြိုချိန်းပြီး အလုပ်၊ ကျောင်းကို ခွင့်တိုင်ထားဖို့နဲ့ ခွဲစိတ်ဖယ်ရှားမှုပြီးတာနဲ့ အိမ်ကို ပြန်ပို့ပေးဖို့ မိသားစုဝင်၊ ယာဉ်မောင်းကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အံဆုံးသွားနှုတ်တဲ့အခါ ထုံဆေး၊ မေ့ဆေးကို အသုံးပြုမှာဖြစ်ပြီး လွှစက်နဲ့ ခွဲစိတ်ရမှာဖြစ်တဲ့အတွက် မေ့ဆေးပြယ်တဲ့အချိန် နာရီပိုင်းလောက်ကနေ ရက်ပိုင်းလောက်အထိ နာကျင်မှုဝေဒနာကို ခံစားရမှာဖြစ်ပြီး အမာစာ၊ အပူ၊ အစပ်၊ အေးလွန်းတာတွေ လုံးဝစားလို့မရဘဲ အရည်ကိုပဲ သောက်ပေးရမှာဖြစ်ပါတယ်။
အံဆုံးသွားနှုတ်တဲ့နေရာမှာ အနာလုံးဝကျက်သွားဖို့အတွက်ကတော့ အခြေအနေပေါ် မူတည်ပြီး ရက်သတ္တပတ်ကနေ လပိုင်းလောက်အထိ ကြာနိုင်သလို ကြားကာလမှာလည်း ခွဲထားတဲ့နေရာထဲ ပိုးမဝင်စေဖို့ သန့်ရှင်းရေးကို သေချာဂရုစိုက်လုပ်ပေးပြီး ရက်ချိန်းအတိုင်း သွားဆရာဝန်နဲ့ ပုံမှန်ပြသပေးဖို့ အရေးကြီးပါတယ်။
တစ်ခုသိထားသင့်တာကတော့ ကိုယ့်အံဆုံးသွားက ပေါက်တာနောက်ကျနေရင်တောင် မဖြစ်မနေပေါက်လာမှာဖြစ်တာကြောင့် တစ်ချိန်ချိန်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ဖို့နဲ့ (၆) လ တစ်ကြိမ် သွားဆေးခန်းပုံမှန်ပြသပြီး စစ်ဆေးမှု၊ သန့်ရှင်းရေး ပုံမှန်လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်
![]() |
hello ![]() |