သွားဖုံးသွေးယိုစီးခြင်း
ပုံမှန်အားဖြင့် သွားဖုံးသွေးယိုစီးတယ်ဆိုတာ သွားဖုံးမှာ ကျန်းမာရေးပြဿနာ ဒါမှမဟုတ် ရောဂါပိုးဝင်နေတာကြောင့် နောက်ဆက်တွဲဖြစ်တဲ့ လက္ခဏာတစ်ခုပါပဲ။ တခြားအကြောင်းရင်းတွေအနေနဲ့
- သွားပုံမှန်မတိုက်တာ
- သွားကို အားပြင်းပြင်းနဲ့ တိုက်မိပြီး သွားဖုံးကို ထိခိုက်ပွန်းပဲ့မိတာ
- အံကပ်၊ အစွပ်တွေက ကိုယ့်သွားနဲ့မကိုက်ဘဲ ချောင်ချိနေတာ
- အဝါရောင်အရိအချွဲတွေ သွားဖုံးမှာ အချိန်ကြာမြင့်စွာ ကပ်ငြိနေတာ
- ဗီတာမင် စီနဲ့ ဗီတာမင် ကေဓာတ်ချို့တဲ့တာ
- ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းအပြောင်းအလဲဖြစ်တာ
- သွေးကင်ဆာရောဂါ ရှိနေတာ
- Platelets ဆဲလ်တွေ နည်းနေတာကြောင့်လည်း သွားဖုံးသွေးယိုစီးနိုင်ပါတယ်။
သွားဖုံးသွေးယိုစီးတာကို ကာကွယ်ဖို့နဲ့ ကုသဖို့အတွက်ဆိုရင် ခုပြောပြမယ့်အချက်တွေကို ပုံမှန်လုပ်ပေးနိုင်ပါတယ်။
၁။ သွားကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နည်းစနစ်မှန်ကန်စွာ တိုက်ပေးပါ။ သွားတိုက်ခြင်းဟာ ခံတွင်းသန့်ရှင်းရေးအတွက် မဖြစ်မနေလုပ်ပေးရတဲ့ တာဝန်တစ်ခုပါပဲ။ သွားသန့်ရှင်းနေတဲ့အခါ ကိုယ့်ရဲ့သွားဖုံးမှာလည်း ဘက်တီးရီးယားပိုးတွေ နည်းနည်းသွားတာကြောင့် ခံတွင်းရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
၂။ အဝါရောင်အရိအချွဲတွေဟာ ကိုယ်စားလိုက်တဲ့ ကစီဓာတ်နဲ့ အချိုဓာတ်တွေ သွားကြားထဲကပ်ငြိနေပြီး သွားပွတ်တံနဲ့ အလွယ်တကူသန့်ရှင်းလို့ မရတာကြောင့် ဖြစ်လာတာပါ။ ဒီအရိအချွဲတွေကို သွားပုံမှန်တိုက်ပေးခြင်းဖြင့် လျော့ပါးစေနိုင်တယ်ဆိုပေမယ့် အဲဒီလိုမဟုတ်ဘူးဆိုရင် ခြောက်သွားပြီး သွားကျောက်အထိပါ ဖြစ်လာနိုင်ပါတယ်။ အရိအချွဲဖြစ်စေ၊ သွားကျောက်ဖြစ်စေ သွားနဲ့ သွားဖုံးကိုထိခိုက်စေနိုင်ပြီး ခံတွင်းအနံ့ဆိုးတွေကိုလည်း ဖြစ်စေနိုင်တာကြောင့် သေချာသန့်ရှင်းရေးလုပ်ဖို့နဲ့ သွားကျောက်ဖြစ်လာပြီဆိုရင် သွားဆရာဝန်နဲ့ သေချာသွားပြပြီး ကျောက်ခြစ်ဖို့ လိုအပ်ပါတယ်။
၃။ ဗီတာမင်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ခံတွင်းသွေးယိုစီးခြင်းကို သက်သာစေဖို့ အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ ဂေါ်ဖီပန်းပွင့်၊ ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်ပွ၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ဆလပ်ရွက်၊ ပဲအမျိုးမျိုး၊ သံလွင်ဆီစတာကို စားပေးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်လည်း ကိုယ်ပြသနေကျ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဖြည့်စွက်အားဆေး၊ Multivitamin အားဆေးတွေကို သောက်သုံးနိုင်ပါတယ်။
၄။ ခံတွင်းသန့်ရှင်းရေးအတွက် တခြားလုပ်ပေးလို့ရတာဆိုရင်
- သွားပွတ်ကြိုးအသုံးပြုပြီး သွားကြားထဲမှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပါ။
- အစာစားပြီးတိုင်း ပလုပ်ကျင်းပေးပါ။
- ညအိပ်ကာနီး ဆားငန်ရည်နဲ့ တစ်ရက်ခြားတစ်ကြိမ်လောက် ပလုပ်ကျင်းပေးပါ၊ ဒါမှမဟုတ် ခံတွင်းသန့်စင်ဆေးရည်နဲ့ နေ့စဉ်ပုံမှန် ပလုပ်ကျင်းပေးလို့လည်း ရပါတယ်။
- Fluoride ပါဝင်တဲ့ သွားတိုက်ဆေးကို အဓိကထားပြီး သုံးစွဲပါ။
- ညဘက်မှာ သွားတိုက်ပြီးသွားမှ အစာစားတာ၊ ညနောက်ကျတဲ့အထိ အစာစားတဲ့အကျင့်ကို ဖျောက်ပါ။
- အချိုဓာတ်၊ ကစီဓာတ်စားသုံးမှုကို လျှော့ချပါ။
၅။ သွားတိုက်တဲ့အခါ နူးညံ့တဲ့အမွေးပါတဲ့ သွားပွတ်တံမျိုးကိုသာ အသုံးပြုပေးပြီး ညင်သာစွာနဲ့ သွားတိုက်ဖို့ ဂရုပြုပါ။ မကြာခဏ သွားတိုက်ရင်း ထိခိုက်မိတဲ့အခါ သွားဖုံးသွေးထွက်စေရုံသာမက ဒဏ်ရာထဲ ပိုးဝင်စေပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တယ်ဆိုတာကို သတိထားပါ။
၆။ သွားဆေးခန်းကို (၆) လတစ်ကြိမ် ပုံမှန်ပြသပြီး စစ်ဆေးပေးပါ။ ဒီလိုမျိုး ခံတွင်းနဲ့ပတ်သက်ပြီး ပုံမှန်စစ်ဆေးတဲ့အခါ ဆရာဝန်အနေနဲ့ သန့်ရှင်းရေးပုံမှန်လုပ်လို့ရသလို ကိုယ့်ခံတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကိုလည်း စောလျင်စွာ ရှာဖွေသိရှိနိုင်တဲ့အတွက် ကုသရတာလည်း လွယ်ကူသလို နောက်ဆက်တွဲ ပြဿနာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ခံတွင်းပြဿနာတွေဟာ ကိုယ့်ရဲ့ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးကိုပါ ရေရှည်မှာ ထိခိုက်လာစေသလို၊ အသက်ကြီးလာတဲ့အခါမှာ ကိုယ့်ရဲ့သွားတွေနဲ့ ခံတွင်းဟာ အားနည်းပျက်စီးလာပြီဖြစ်တဲ့အတွက် မလိုအပ်တဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ပုံမှန်ဂရုစိုက်ပေးတာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်