ရေခဲရေသောက်ခြင်းရဲ့ ဆိုးကျိုးများ
ရာသီဥတုက ပူတော့ ချွေးထွက်များပြီး ရေငတ်လာတဲ့အခါ ရေခဲရေအေးအေးလေး သောက်ချင်တတ်ကြပါတယ်။ အေးမြတဲ့ ရေခဲရေလေးကမှ အပူသက်သာစေသလိုလို၊ ရေငတ်ပိုပြေစေသလိုလိုလည်း ခံစားရကြတယ် မဟုတ်လား။ ဒါပေမယ့် ရေခဲရေရဲ့ ဆိုးကျိုးတွေကို သိရရင်တော့ သောက်ချင်ကြမယ် မထင်ပါဘူး။
ရေခဲရေသောက်ပြီး လည်ချောင်းနာတာက လူအများသိကြတဲ့ ဆိုးကျိုးတစ်ခုပါ။ လည်ချောင်းနာတာအပြင် တခြားဆိုးကျိုးတွေလည်း ရှိသေးတာမို့ ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။
(၁) အစာခြေစနစ်ကို အနှောင့်အယှက် ဖြစ်စေတာ
ရေခဲရေနဲ့ အအေးတွေက ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ကျုံ့စေကျဥ်းစေပါတယ်။ အထူးသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းက သွေးကြောတွေကို ကျုံ့စေတဲ့အတွက် အစာခြေလုပ်ငန်းစဥ်မှာ အနှောင့်အယှက် ဖြစ်စေပြီး အာဟာရတွေကို လုံလောက်စွာ မစုပ်ယူနိုင်တော့ပါဘူး။ ရေခဲရေသောက်လိုက်လို့ ရုတ်တရက် ကျသွားတဲ့ ခန္ဓာကိုယ် အပူချိန်ကို ပြန်လည်ထိန်းညှိဖို့ စွမ်းအင်တွေ ထုတ်သုံးလိုက်ရတဲ့အတွက် အစာခြေရာမှာ စွမ်းအင်သုံးနိုင်စွမ်း လျော့သွားပြီး အစာမကြေ ရင်ပြည့်ရင်ကယ်တာတွေလည်း ဖြစ်နိုင်ပါတယ်။
(၂) အဆီတွေကို မခြေဖျက်နိုင်တာ
အစာခြေစနစ်ကို အနှောင့်အယှက် ဖြစ်တဲ့ထဲမှာ စားလိုက်တဲ့အစာထဲက အဆီတွေကို ခြေဖျက်တဲ့ လုပ်ငန်းစဥ်လည်း ပါပါတယ်။ အဆီတွေကို မခြေဖျက်နိုင်တဲ့အခါ မလိုလားအပ်တဲ့ အဆီတွေ ခန္ဓာကိုယ်မှာ စုပုံလာမှာမို့ အစာမစားခင်နဲ့ အစာစားပြီး အနည်းဆုံး နာရီဝက်ခန့်ထိ ရေခဲရေ မသောက်သင့်ပါဘူး။
(၃) နှလုံးခုန်နှုန်း နှေးစေတာ
သောက်လိုက်တဲ့ ရေခဲရေတွေက Vagus လို့ခေါ်တဲ့ အာရုံကြောကို လှုံ့ဆော်ပေးပါတယ်။ Vagus အာရုံကြောဟာ နှလုံးခုန်နှုန်းကို ကျစေတဲ့ သတ္တိရှိလို့ ရေခဲရေသောက်လိုက်တဲ့အခါ နှလုံးခုန်နှုန်း နှေးသွားပါလိမ့်မယ်။
(၄) ခန္ဓာကိုယ်ကို ရှော့ခ်ဖြစ်စေတာ
ဒါကတော့ အားကစားနဲ့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်သူတွေမှာ တွေ့ရတာပါ။ ပြင်းထန်တဲ့ အားကစားနဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီးတဲ့အခါ ခန္ဓာကိုယ်က ချွေးထွက်သလို အပူစွမ်းအင်တွေလည်း ထွက်နေပါတယ်။ အဲဒီလို အချိန်မှာ ရေခဲရေသောက်လိုက်တဲ့အခါ ခန္ဓာကိုယ်က ပူနေရာက ရုတ်တရက် အေးသွားကာ ကမောက်ကမ ဖြစ်သွားပြီး အပူချိန်ကို ပြန်လည်ထိန်းညှိဖို့ ခန္ဓာကိုယ်က အလုပ်များသွားရတဲ့ အခြေအနေပါ။ ဒီလိုအချိန် သောက်လိုက်တဲ့ ရေခဲရေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းလည်း မရှိပါဘူး။
(၅) လည်ချောင်းနာတာ
ရေခဲရေသောက်တာဟာ အသက်ရှူလမ်းကြောင်းထဲမှာ ချွဲတွေ အများကြီးထွက်စေပါတယ်။ အသက်ရှူလမ်းကြောင်းက ချွဲတွေနဲ့ ပိတ်ဆို့နေတဲ့အခါ ရောဂါပိုးတွေ ဝင်ရောက်လွယ်စေပြီး အာသီးရောင်တာ၊ လည်ချောင်းရောင်ပြီး နာတာ၊ နှာခေါင်းပိတ်တာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ရေခဲရေ သောက်လိုက်တာဟာ ခဏတာ လန်းဆန်းသလို ရေငတ်ပြေစေသလို ဖြစ်ပေမယ့် ပူတဲ့ရာသီမှာ ရေခဲရေသောက်တာက ကောင်းလှတဲ့ အရာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင် ပုံမှန်အခန်းအပူချိန်မှာ ထားတဲ့ရေကို သောက်တာက ခန္ဓာကိုယ်အတွက် ပိုပြီး အကျိုးရှိစေတာမို့ ရေခဲရေကို တတ်နိုင်သမျှ ရှောင်ကြဖို့ အကြံပေးပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်