သစ်ရွက်ခြောက်တွေ မီးရှို့တာ အဆုတ်ကို ဘယ်လိုထိခိုက်သလဲ
"နွေရောက်ပြီလေ…ရိုးတဲကျဲကျဲ ပင်အိုတို့အလှချင်းလည်းပြိုင်…"
ဟုတ်ပါတယ်။ နွေရာသီကို ရောက်လာပါပြီ။ နွေရာသီရောက်လာတဲ့အခါ ရွက်ဟောင်းတွေ ကြွေကျတာက ဓမ္မတာပါပဲ။ သစ်ရွက်ခြောက်တွေ များလာတဲ့အခါ စုပုံပြီး မီးရှို့တတ်တာကလည်း ဓမ္မတာပါပဲလို့ ပြောရလောက်အောင် စွဲမြဲနေကြတဲ့ အကျင့်ကြီး ဖြစ်လို့နေပါပြီ။ တကယ်တော့ သစ်ရွက်ခြောက်တွေအပါအဝင် အမှိုက်တွေကို မီးရှို့တာဟာ သဘာဝပတ်ဝန်းကျင်အတွက်ရော လူထုအတွက်ပါ ကောင်းတဲ့အရာမဟုတ်ပါဘူး။
မီးရှို့လိုက်တဲ့အခါ ထွက်လာတဲ့ မီးခိုးတွေနဲ့ ပြာမှုန်တွေက လေထုညစ်ညမ်းခြင်းကို ဖြစ်စေပါတယ်။ အိမ်အပြင်ဘက်မှာ မီးရှို့တယ် ဆိုပေမယ့်လည်း မီးခိုးနဲ့ ပြာမှုန်တွေ၊ ညှော်နံတွေက အိမ်တွေထဲထိ ရောက်ရှိပြီး ရှူမိတဲ့သူတွေမှာ အနည်းဆုံးတော့ ချောင်းဆိုးတာ၊ အသက်ရှူမဝတာ၊ ခေါင်းကိုက်တာမျိုး ဖြစ်စေပါတယ်။
အဲဒီအမှုန်နဲ့ မီးခိုးတွေမှာ ပါဝင်တဲ့ Benzene, Formaldehyde, Acrolein နဲ့ Polycyclic Aromatic Hydrocarbons (PAHs) ဆိုတဲ့ဓာတ်တွေက အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်ကာ ရောင်ရမ်းလာစေပြီး
- ပန်းနာရင်ကြပ်ရောဂါ
- နမိုးနီးယားအဆုတ်ရောင်ရောဂါ
- အဆုတ်ထဲပိုးဝင်ပြီး လေပြွန်ရောင်တာ
- Emphysema ဆိုတဲ့ လေအိတ်ငယ်တွေဖောင်းလာတဲ့ရောဂါနဲ့
- အဆုတ်ကင်ဆာရောဂါတွေ ဖြစ်စေပါတယ်။
နကိုတည်းက ပန်းနာရင်ကြပ်နဲ့ COPD အဆုတ်လေပြွန်ကျဥ်းတဲ့ရောဂါ ရှိသူတွေကို ရောဂါဖောက်စေ၊ ပိုဆိုးစေပါတယ်။
ဒါ့အပြင် မီးခိုးမှုန်တွေဟာ သွေးကြောထဲထိ ရောက်ရှိပြီး နှလုံးရောဂါ ရှိတဲ့သူတွေမှာ နှလုံးအမောဖောက်ပြီး ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ၊ နှလုံးစည်းချက် မမှန်တာနဲ့ နှလုံးပျက်စီးတာတွေ ဖြစ်လာနိုင်ပါတယ်။ မီးခိုးမှုန်တွေက မျက်စိထဲဝင်တဲ့အခါ ယားယံခြောက်သွေ့စေပြီး မျက်မှေးရောင်တာမျိုးလည်း ဖြစ်စေပါသေးတယ်။
မီးရှို့တာဟာ သစ်ရွက်ခြောက်တွေတင် မဟုတ်ဘဲ ပလတ်စတစ်အမှိုက်တွေပါ ဆိုရင်တော့ အန္တရာယ်က ပိုမိုကြီးမားပါတယ်။ ပလတ်စတစ်ကို မီးရှို့ရင် ကင်ဆာဖြစ်စေတဲ့ ဓာတ်ပေါင်းများစွာ ထွက်လာတာမို့ အထက်ပါ ပြဿနာတွေအပြင် ကင်ဆာဖြစ်နိုင်ခြေလည်း ပိုမိုမြင့်မားသွားမှာပါ။
မီးရှို့တာဟာ သဘာဝမြေဆီလွှာတွေကိုလည်း ပျက်စီးစေသလို မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ ဒီလို ကောင်းကျိုးမပေးတဲ့ အမှိုက်မီးရှို့ခြင်းကို မလုပ်ဘဲ နေနိုင်ရင် အကောင်းဆုံးပါ။ သစ်ရွက်ခြောက်တွေနဲ့ မီးဖိုချောင်စွန့်ပစ်ပစ္စည်းတွေကနေ သဘာဝမြေသြဇာ လုပ်တဲ့နည်းလမ်းတွေလည်း ရှိတာမို့ လေ့လာပြီး လုပ်နိုင်ရင် ကျန်းမာရေးအတွက်ရော၊ သဘာဝပတ်ဝန်းကျင်အတွက်ပါ အကျိုးရှိစေမှာပါ။
မီးရှို့ရမှ ဖြစ်မယ်ဆိုရင်လည်း…
- မီးတောက်ကောင်းကောင်းစွဲပြီး မီးခိုးငွေ့ နည်းအောင်လုပ်ပါ။
- မီးရှို့တဲ့ နေရာနဲ့ တတ်နိုင်သမျှ ဝေးဝေးနေပါ။
- မီးခိုးနဲ့ အမှုန်တွေ အသက်ရှူလမ်းကြောင်းထဲ မဝင်နိုင်အောင် Mask တပ်ထားပါ။ မျက်မှန်ပါ တပ်ထားနိုင်ရင် ပိုကောင်းပါတယ်။
- အိမ်ထဲမှာ လေသန့်စင်စက် Air Purifier တပ်ထားနိုင်ရင်လည်း ကောင်းပါတယ်။
- မီးရှို့ပြီးသွားတဲ့အခါ လေဝင်လေထွက်ကောင်းအောင် အိမ်တံခါးနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။
ဘယ်လိုပဲ ကျန်းမာရေးအတွက် မကောင်းဘူးဆိုပေမယ့် အရိုးစွဲနေတဲ့ အကျင့်တွေကို မဖျောက်နိုင်တဲ့၊ ခေါင်းမာတဲ့သူတွေက ရှိနေတာပါပဲ။ ဒီဆောင်းပါးလေးပို ဖတ်ပြီး အမှိုက်မီးရှို့တဲ့ အလေ့အကျင့်ကြီးကို ဖျောက်နိုင်ကြဖို့ မျှော်လင့်မိပါတယ်။ ဟက်ပီးလေးတို့လည်း အမှိုက်မီးခိုးငွေ့တွေကြောင့် အဆုတ်၊ နှလုံး၊ မျက်စိနဲ့ ကင်ဆာရောဂါတွေ ဖြစ်ခြင်းမှ ကင်းဝေးကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်