နွေရာသီနှင့် အပူသင်တုန်းဖြတ်ခြင်း အန္တရာယ်
အိုဇုန်းလွှာပါးလာတာနဲ့ သစ်ပင်သစ်တောတွေ ပြုန်းတီးတာကြောင့် ရာသီဥတုတွေက တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာနေပါတယ်။ နွေရာသီဟာ အပူရှိန်လွန်ကဲမှုဖြင့် လူကြီးလူငယ်မရွေးကို ကောင်းကောင်းကြီး ဒုက္ခပေးလျက်ရှိရာမှာ အပူသင်တုန်းဖြတ်ခြင်းကလည်း သတိမထားမိရင် အသက်ကိုပါနှုတ်ယူနိုင်တဲ့ထိ အန္တရာယ်ကြီးမားလှပါတယ်။
အပူသင်တုန်းဖြတ်တယ်ဆိုတာ…
ခန္ဓာကိုယ်ရဲ့ အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) ထက် ကျော်လွန်လာတဲ့အခါ အပူသင်တုန်းဖြတ်နိုင်ပါတယ်။ ပြင်ပအပူချိန်မြင့်တက်မှုကြောင့် ခန္ဓာကိုယ်အပူချိန်ပါ မြင့်တက်လာပြီး အပူသင်တုန်းဖြတ်တာဟာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေမှာ အဖြစ်များပြီး နေပူထဲမှာ အလုပ်လုပ်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာကြောင့် အပူသင်တုန်းဖြတ်တာကတော့ လူငယ်လူရွယ်တွေမှာ အဖြစ်များပါတယ်။
အရက်သောက်ထားတဲ့သူ၊ ချွေးထွက်များပြီး ရေသောက်နည်းတဲ့သူ၊ အဝတ်အစားအထူကြီးတွေ ဝတ်ထားတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အပူသင်ဓုန်းဖြတ်တာဟာ အရေးပေါ်ကုသမှု ချက်ချင်းပေးရန် လိုအပ်ပြီး အချိန်မီ မကုသပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေ ပျက်စီးပြီး သေတဲ့ထိဖြစ်နိုင်ပါတယ်။
အပူသင်တုန်းဖြတ်တဲ့ လက္ခဏာတွေထဲမှာ…
- ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီစင်တီဂရိတ်) ထက် ကျော်လွန်ပြီး တရှိန်ရှိန်ပူနေတာ
- ခန္ဓာကိုယ်က ခြောက်သွေ့နေပြီး ချွေးမထွက်တာ
- ခေါင်းတွေ ထိုးကိုက်နေတာ
- ပျို့ချင်အန်ချင်ဖြစ်နေတာ
- အပူချိန်တက်လာတာနဲ့အမျှ အသားအရေက နီစပ်စပ်ဖြစ်လာတာ
- အသက်ရှူမြန်၊ နှလုံးခုန်နှုန်းမြန်လာတာ
- စိတ်တိုစိတ်ဆတ် စိတ်ကယောင်ခြောက်ခြား ဖြစ်လာတာ
- လျှာလေးလာတာနဲ့
- သတိလစ်၊ တက်ပြီး ကိုမာဝင်သွားတာထိ ပါဝင်ပါတယ်။
ရာသီဥတုအရမ်းပူတဲ့ အချိန်တွေမှာ ဒီလက္ခဏာတွေ ခံစားလာရတာနဲ့…
- လူနာကို အရိပ်ရပြီး အေးတဲ့နေရာကို ချက်ချင်းရွှေ့ပါ။
- အဝတ်အစားတွေကို တတ်နိုင်သမျှ ဖယ်ရှားပါ။
- ခန္ဓာကိုယ်အပူချိန် လျော့ကျဖို့ ဖြစ်နိုင်တဲ့နည်းနဲ့ အမြန်ဆုံးလုပ်ပါ။ ရေချိုးတာ၊ ရေချိုးကန်ထဲ စိမ်တာ၊ ရေပတ်တိုက်ပေးတာ၊ နဖူး၊ ချိုင်းကြား၊ ပေါင်ခြံတွေမှာ ရေပတ်ဝတ်ကပ်ထားတာ၊ ပန်ကာဖွင့်တာ၊ အဲယားကွန်းဖွင့်တာ စသဖြင့် အဆင်ပြေရာနည်းလမ်းကို သုံးလို့ ရပါတယ်။ အရေးကြီးတာက ခန္ဓာကိုယ်အပူချိန် ကျသွားဖို့ပါပဲ။
- သတိလစ်တာ၊ တက်တာမျိုးဖြစ်ရင်တော့ ဆေးရုံဆေးခန်းကို ချက်ချင်းသွားဖို့ လိုအပ်ပါတယ်။
အချိန်မီကုသမှု မခံယူရင် ခန္ဓာကိုယ်အပူချိန် မြင့်တက်တဲ့ အချိန်အတိုင်းအတာပေါ် မူတည်ပြီး ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းပြီး ဦးနှောက်သေသွားတာ (ကိုမာဝင်တာ) ၊ ကျောက်ကပ်ပျက်စီးသွားတာ၊ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးတာထိ ဖြစ်နိုင်ပါတယ်။
အပူသင်တုန်းဖြတ်တာဟာ ကာကွယ်လို့ ရပါတယ်
- ရေများများ သောက်ပါ။ ဓာတ်ဆားရည်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကိုလည်း သောက်ပါ။
- ပွပွချောင်ချောင် ချည်ထည်များ၊ ချွေးစုပ်တဲ့ အဝတ်အထည်များကိုသာ ဝတ်ဆင်ပါ။
- နေလောင်တာက ခန္ဓာကိုယ်အပူချိန် ထိန်းညှိရာမှာ အနှောင့်အယှက် ဖြစ်စေတာမို့ နေရောင်ကာခရင်မ် အမြဲလိမ်းဖို့ မမေ့ပါနဲ့။
- တတ်နိုင်သမျှ အရိပ်ရတဲ့ နေရာမှာပဲ နေပါ။ ပူတဲ့အချိန်တွေမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။
- စွဲသောက်နေရတဲ့ ဆေးတွေထဲမှာ ရေဓာတ်ဆုံးရှုံးစေတဲ့ဆေးတွေ (ဥပမာ-ဆီးဆေး) ပါနေရင် ပိုပြီး သတိထားပါ။
- နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာ စသဖြင့် ရောဂါအခံရှိသူတွေကလည်း ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။
ရာသီဥတုတွေကတော့ တစ်ခုပြီးတစ်ခု လှည့်ပတ်နေမှာပါပဲ။ ဒီဆောင်းပါးလေးကို ဖတ်ပြီး နွေကာလတွေမှာ အရေးအကြီးဆုံးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ အပူသင်တုန်းဖြတ်ခြင်း မကြုံရအောင် အေးဆေးစွာ ဖြတ်ကျော်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်