သွေးပျစ်ခြင်းနဲ့ သွေးကျဲဆေးများအကြောင်း
သွေးပျစ်နေလို့…. သွေးကျဲဆေးသောက်ရမှာလား?? သွေးကျဲဆေးကို ဘယ်လိုအခြေအနေတွေမှာ မဖြစ်မနေ သောက်ရမှာလဲ? ဒါက လူအများစု သိချင်ကြတဲ့ အကြောင်းအရာတွေပါ။
တကယ်တော့ သွေးခဲတယ်… သွေးပျစ်တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်နိုင်သလို ရောဂါအခြေအနေတစ်ခုခုကြောင့်လဲ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် အဝလွန်သူတွေ၊ သွေးတွင်းအဆီများသူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့သူတွေနဲ့ ကိုဗစ်ရဲ့ နောက်ဆက်တွဲဝေဒနာတွေကို ခံစားရသူတွေမှာ သွေးလမ်းကြောင်းလေးတွေ ပိတ်ဆို့တာ၊ နှလုံးသွေးကြောကျဉ်းတာတွေ ဖြစ်တတ်ပြီး ဒါဟာ သွေးခဲခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။
တခါတရံမှာ ဒီသွေးခဲလေးတွေက ပြုတ်ထွက်သွားနိုင်ပြီး အဆုတ်ထဲကို ရောက်တဲ့အခါမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒါဆိုရင် သွေးပျစ်ပြီ ဆိုတာနဲ့ သွေးကျဲဆေး သောက်ရမှာလား?
ခန္ဓာကိုယ်ထဲမှာ သွေးပျစ်နေပြီလား …. သွေးခဲတွေကြောင့် အန္တရာယ်ရှိနိုင်ပြီလားဆိုတာကို သေချာ စစ်ဆေးပြီးမှပဲ သိနိုင်မှာပါ။
သွေးခဲနှုန်းပျစ်နှုန်းရဲ့ အဆပေါ်မှာ မူတည်ပြီး
- သွေးကျဲဆေး သောက်ရတာ၊
- ဆေးထိုး ကုသမှုခံယူရတာနဲ့
- အနီးကပ် ကုသမှု ခံယူရတာတွေ ရှိနိုင်ပါတယ်။
သွေးကျဲဆေးတွေရဲ့ အာနိသင်ကြောင့် မလိုလားအပ်တဲ့ သွေးပျစ်တာ၊ သွေးခဲတာနဲ့ သွေးကြောပိတ်ဆို့တာတွေကို ကာကွယ်နိုင်ပြီး နှလုံးရပ်တာနဲ့ လေဖြတ်တာကိုလဲ တားဆီးပေးနိုင်ပါတယ်။
ဒါပေမယ့် သွေးကျဲဆေးတွေက အရေးကြီးတဲ့ ဆေးတွေဖြစ်သလို ဘေးထွက်ဆိုးကျိုးလဲ အလွန်များပါတယ်။
သွေးကျဲဆေး အမျိုးအစားတွေ များစွာရှိသလို
- လူနာရဲ့ အခြေအနေ၊
- သွေးပျစ်နှုန်းနဲ့
- သွေးခဲခြင်းအမျိုးအစား စတာတွေအပေါ်မူတည်ပြီး လိုသလို ချိန်ညှိပေးရတာ ဖြစ်လို့ ကိုယ့်သဘောနဲ့ ကိုယ်သောက်တာမျိုး မလုပ်သင့်ပါဘူး။
ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ မှန်မှန်ကန်ကန် သောက်သုံးဖို့ အရေးကြီးပါတယ်။
သွေးကျဲဆေးသောက်နေချိန်မှာ သွားဖုံး သွေးယိုတာ၊ နှာခေါင်းသွေးလျှံတာ၊ ဝမ်းနဲ့ ဆီး အရောင်ပြောင်းတာ စတဲ့ သွေးယိုတဲ့ လက္ခဏာတွေ ကြုံလာရင် လုံးဝမပေါ့ဆသင့်ပဲ ဆရာဝန်ကို သေချာပြောဖို့ လိုပါတယ်။
ဒါ့အပြင် သွေးကျဲဆေး သောက်နေတဲ့ ကာလတစ်လျှောက်မှာ ဆေးရုံဆေးခန်းပြတိုင်း သွေးကျဲဆေးသောက်နေတဲ့ အကြောင်းကို ဆရာဝန်ကို ပြောပြပေးဖို့ အရေးကြီးပါတယ်။
သွေးပျစ်ခြင်းဖြစ်တိုင်း သွေးကျဲဆေးသောက်ရန် လိုအပ်လားဆိုတာကို ပိုသေချာဖို့ ဆရာဝန်နဲ့ စစ်ဆေးပြီး သေချာတိုင်ပင်ရမှာ ဖြစ်သလို ကုသမှုအတွင်း လိုက်နာစရာ ဆောင်ရန်ရှောင်ရန် အချက်တွေက်ိုလဲ ဂရုစိုက်ဖို့ အဓိကကျကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)