သင် အသည်းကြီးနေတာလား
အသည်းကြီးနေတယ်ဆိုတာက အသည်းက ရှိသင့်တဲ့ အရွယ်အစားထက် ကြီးနေတာပါ။ အသည်းကြီးတာကို ဆေးပညာ စကားရပ်နဲ့တော့“Hepatomegaly” လို့ခေါ်ပါတယ်။ အသည်းကြီးတယ်ဆိုတာက ကျန်းမာရေး အကြောင်းရင်းခံ တစ်ခုခု ကြောင့် ဖြစ်နိုင်ပါတယ်။
အသည်းရောဂါ အစောပိုင်း အဆင့်တွေမှာ အသည်းက ရောင်တာ မျိုးတွေ ဖြစ်နေနိုင်ပါတယ်။ ခန္ဓာကိုယ်က ထိခိုက်တာကို အနာကျက် သက်သာဖို့ ကြိုးစားနေချိန် နဲ့ ကူးစက်မှု တစ်ခုခုကို တိုက်ထုတ်ဖို့ ကြိုးပမ်းနေချိန်တွေမှာ အသည်းက ရောင်တာမျိုး ရှိနိုင်ပါတယ်။ ဒါက ပုံမှန် ဖြစ်စဉ်ပါပဲ။ ဒါပေမယ့် အသည်းရောင်တာက ဆက်ဖြစ်နေမယ် အချိန် တစ်ခုရောက်တဲ့အထိ သက်သာမသွားဘူးဆိုရင်တော့ အသည်းက စတင်ပျက်စီးနေပါပြီလို့ ပြောချင်ပါတယ်။
ဘယ်လို အချက်တွေက အသည်းကို ကြီးစေတာလဲ? ကိုယ်တိုင်မှာ အသည်းများ ကြီးနေလား? ဆိုတာကိုတော့ အောက်မှာ ပြောပြမယ့် အချက်လေးတွေကို ဖတ်ရင်း လိုက်ပါ ဆန်းစစ် လိုက်ပါဦးနော်။
ကိုယ်ခန္ဓာမှာ အသည်းရဲ့ တာဝန်က ဘာတွေများလဲ
အသည်းက အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ။ ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန် များစွာကို လုပ်ဆောင်ပေးပါတယ်။
- အသည်းက အစားအစာတွေကို စွမ်းအင်အဖြစ် ချေဖျက်ဖြိုခွဲဖို့ သည်းခြေရည်တွေကို ထုတ်လုပ်ပေးတယ်
- သွေးထဲက bilirubin နဲ့ အဆိပ်တွေ၊ ဆေးဝါး၊ အရက်သေစာ နဲ့ မူးယစ်ဆေးတွေကို ဖယ်ရှားပေးတယ်
- အဆီတွေကို သိမ်းဆည်းပေးတယ်
- ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ပေးတယ်
- သွေးဥမွှား ပရိုတင်းတွေကို ထုတ်လုပ်ပေးပါတယ်။
ကိုယ်တွင်းကို အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဝင်ရောက်လာတဲ့အခါ အသည်းနဲ့ ကိုယ်ခံအားက အတူတကွ ဖယ်ရှားဖို့ အသည်းရောင်ရမ်းမှု ဖြစ်စဉ်ကို စတင်ကြပါတယ်။ အသည်းရောင်ရမ်းတာ၊ ကိုယ်တွင်းရောင်ရမ်းမှုတွေက ကိုယ်ခံအားရဲ့ ပုံမှန် တုံ့ပြန်မှု ဖြစ်စဉ် တစ်ခုပေါ့။ ဒီအခြေအနေက ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေကို ပြုပြင်ရာမှာ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပါ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို ရောင်ရမ်းမှုက ဆက်တိုက်ဆိုသလို တက်ဖြစ်ဖြစ်နေမယ်ဆိုရင်တော့ အစောပိုင်း အသည်းရောဂါကို ခံစားနေရပြီး အသည်းရောင်တာ အသည်းကြီးတာတွေ စတင်နေပြီလို့ပဲ ပြောချင်ပါတယ်။
အသည်းကြီးနေပြီလား?
အသည်းကြီးနေပြီဆိုရင် အသည်းကြီးတာနဲ့အတူ ခံစားနေရတဲ့ ကျန်းမာရေးအခြေအနေကို လိုက်ပြီး ရောဂါလက္ခဏာ အမျိုးမျိုးကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေ အနေနဲ့
- အသားတွေ ဝါမယ်။ မျက်ဖြူသားတွေ ဝါမယ်
- ဗိုက်အောင့်တာ၊ ရောင်တာ၊ လေပွသလို ဖြစ်တာ
- ဝမ်းပျက်တာ၊ ဝမ်းအရောင်ဖျော့ဖျော့တွေ သွားတာ၊ ဝမ်းထဲ သွေးပါတာ၊ ဝမ်းမည်းမည်းတွေ သွားတာ
- မအီမသာဖြစ်ပြီး အော့အန်တာ၊ မအော့အန်ပါဘဲ မအီမသာဖြစ်နေတာ
- အသက်ရှူရခက်တာ
- ဆီးအရောင်ပြောင်းတာ
- ခြေကုန်လက်ပမ်းကျတာ
- အဖျားတက်တာ
- ချမ်းတုန်တာ
- ခေါင်းကိုက်တာ
- အသားတွေ ယားတာ
- စားချင်စိတ် မရှိဖြစ်တာ
- အကြောင်းအရင်း မရှိဘဲ ဝိတ်ကျသွားတာ
- ခြေလက်တွေ ရောင်နေတာ
- လမ်းလျှောက်ဖို့ ခက်တာ
- နှလုံးခုန် မြန်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
အသည်းကြီးတာက အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အခြေအနေ တစ်ခု ဖြစ်တာကြောင့် ချက်ချင်းဆိုသလို ကုသမှု ခံယူဖို့ လိုပါမယ်။
ဘယ်လိုအချက်တွေက အသည်း ကြီးစေလဲ
အသည်းကြီးတာကို ဖြစ်စေနိုင်တဲ့ အချက်တွေကတော့
- အရက်ကို မကြာခဏဆိုသလို သောက်တာ
- ·အရက် အလွန်အကျွံ သောက်တာ
- အသည်းမှာ အမာရွတ်တွေ ရှိနေတာ
- အသည်းရောင် အသားဝါပိုး အပါအဝင် အသည်းမှာ ပိုးဝင်ကူးစက်တာ
- အသည်းကင်ဆာ
- အခြား ကျန်းမာရေး ပြဿနာ အခြေအနေတွေ
- အဝလွန်တာ
- အချိုကဲ အဆီများတာတွေ စားတာ
- ဗီတာမင်တွေ အလွန်အကျွံ မှီဝဲတာ
- ဆေးတွေ မလိုအပ်ဘဲ သောက်တာကြောင့် အသည်းကြီးနိုင်ပါတယ်။
တော်တော်များများက အသည်းကြီးနေတာကို မသိကြသလို လက္ခဏာတွေကို သတိမပြုမိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
မွန်မွန်