ကိုယ်ဝန်ရှိနေတာလား
ကိုယ်ဝန်ရှိနေတာများလား ဆိုပြီး သံသယဖြစ်လာပြီဆိုရင် သက်သေသာဓက အနေနဲ့ ဆီးစစ်တံနဲ့ ဆီးစစ် အတည်ပြုမှုကို အရင်ဆုံး လုပ်ဖြစ်ကြပါတယ်။ နောက်ပြီး ရာသီသွေးမပေါ်တော့ဘူးဆိုမှ ကိုယ်ဝန်ရှိနေလားဆိုပြီး သတိပြုမိကြတာပါ။ ကိုယ်ဝန်ရှိနေတာကို ဒီအချက်တွေနဲ့ပဲ သိနိုင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုယ်ဝန်ရှိနေတာကို ဖော်ပြနေတဲ့ အခြားသော လက္ခဏာတွေ ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတာကိုတော့ စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်ဦးနော်။
ကိုယ်ဝန်ရှိနေတာကို ဖော်ပြနေတဲ့ လက္ခဏာတွေ
ကိုယ်ဝန်ရှိနေတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက တစ်ခုမက ရှိနိုင်ပါတယ်။
- ရာသီသွေးပျောက်တာ - ကိုယ်တိုင်က ကလေးမွေးဖွားနိုင်တဲ့ အသက်အရွယ် အပိုင်အခြားထဲမှာ ရှိနေမယ်။ ရာသီပေါ်ရမယ့် ရက်မှာ ရာသီသွေးမပေါ်ဘူး။ သွေးဆင်းနေကျရက်ထက် ရက်သတ္တပတ် တော်တော်လေး ကျော်နေပြီဆိုရင်တော့ ကိုယ်ဝန်ရှိနိုင်ပါတယ်။ ကိုယ်တိုင်က ရာသီသွေးမှန်တတ်တယ်ဆိုရင်တော့ သေချာသလောက် နီးပါးပါပဲ။
- ရင်သားတွေ ပြည့်တင်းလာတာ - ကိုယ်ဝန်အစောပိုင်းကာလမှာ ရင်သားတွေက အထိမခံနိုင်လောက်အောင် နာကျင်ပြီး ပြည့်တင်းလာတာပါ။ ရက်သတ္တပတ် အနည်းငယ်ကြာပြီးချိန်မှာတော့ ဟော်မုန်းပြောင်းလဲမှုကေို ခန္ဓာကိုယ်က ထိန်းညှိပြီးချိန်မှာတော့ ရင်သားတွေ တင်းတာနာကျင်တာတွေက သက်သာသွားမှာပါ။
- မအီမသာဖြစ်တာ၊ အော့အန်တာ - ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ တစ်နေ့တာရဲ့ အချိန်တိုင်းမှာ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ရရှိပြီး ၁ လကနေ ၂ လအကြာမှာ ဒီဝေဒနာကို စခံစားရနိုင်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာ မအီမသာဖြစ်တာက ကိုယ်ဝန်ဆောင်တိုင်းမှာ ခံစားရမယ်တော့ မဟုတ်ပါဘူး။ ဒါကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် ခံစားရတာပါ။
- ဆီးသွားများတာ - ဆီးခဏခဏ သွားတာ၊ ဆီးက ပုံမှန်ထက် သွားနေတာက ကိုယ်ဝန်ဆောင် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာ သွေးပမာဏ တိုးလာတာကြောင့် ကျောက်ကပ်တွေက ပိုလျှံနေတဲ့ အရည်တွေကို စစ်ထုတ်ရတာကြောင့် ဆီးအိမ်ထဲမှာ အရည်တွေများပြီး ဆီးခဏခဏ သွားနေရတာပါ။
- ခြေကုန်လက်ပမ်းကျတာ - ခြေကုန်လက်ပမ်းကျတာက ကိုယ်ဝန်ဆောင်ချိန်ရဲ့ အစောပိုင်း လက္ခဏာတွေထဲက တစ်ခုပါ။ ကိုယ်ဝန်ဆောင်ကာလရဲ့ အစောပိုင်း ၃ လမှာ ကောင်းကောင်း အိပ်မပျော်တာကြောင့် ခြေကုန်လက်ပမ်းကျတာကို ခံစားရနိုင်ပါတယ်။ ဟော်မုန်းပမာဏ လျင်မြန်စွာ မြင့်တက်မှုကြောင့် ခြေကုန်လက်ပမ်းကျရတာပါ။
အခြားသော လက္ခဏာတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်း ၃ လပတ်မှာ
- စိတ်ခံစားမှု ပြောင်းလဲတာ - ကိုယ်ဝန်အစောပိုင်းကာလမှာ ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် ပုံမှန် မဟုတ်တဲ့ စိတ်ခံစားမှုတွေကို ခံစားရတာ၊ စိတ်အတက်အကျ မြန်တာတွေကို ခံစားရနိုင်ပါတယ်။
- လေပွတာ - ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်း ပြောင်းလဲတာကြောင့် လေပွတာကို ခံစားရနိုင်ပါတယ်။ ရာသီလာချိန်မှာ ခံစားရသလို ဗိုက်ပွတာမျိုး ခံစားရနိုင်ပါတယ်။
- ရာသီသွေး ဆင်းတာ - ကိုယ်ဝန်ရှိနေပြီဆိုရင် သန္ဓေအောင်သွားတဲ့ သားဥလေးက သားအိမ်နံရံမှာ ကပ်တွယ်ဖို့ လုပ်တဲ့အတွက် သွေးနည်းနည်းလောက် ဆင်းတာတော့ရှိနိုင်ပါတယ်။
- နာကျင်တာ - ကိုယ်ဝန်အစောပိုင်း ကာလမှာ သားအိမ်ကျုံ့ဆန့်တာကြောင့် နာကျင်မှုကို နည်းနည်းလောက် ခံစားရနိုင်ပါတယ်။
- ဝမ်းချုပ်တာ - ဟော်မုန်းပြောင်းလဲမှုကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်မှု နှေးကွေးသွားပြီး ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေ ခံစားနေရပြီဆိုရင် သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာလေး ပြသစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
မွန်မွန်