အာသီးရောင်ဖူးကြလား
အာခေါင်တွေ နီရဲပြီး နာလည်းနာ၊ ဖျားလည်းဖျားတဲ့ အာသီးရောင်တာမျိုး ငယ်ငယ်တုန်း ဖြစ်ဖူးကြလား။ အာသီးရောင်တာဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေမှာ အဖြစ်များပါတယ်။ အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တတ်တယ်ဆိုပေမယ့် တခါတရံလည်း ဘက်တီးရီးယားပိုးကြောင့် ဖြစ်နိုင်ပါတယ်။
အာသီးဆိုတာ လည်ချောင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိတဲ့ဂလင်းနှစ်ခုဖြစ်ပြီး ငယ်ရွယ်တဲ့ကလေးတွေမှာ ရောဂါပိုးတွေကို ကာကွယ်ဖို့နဲ့ တိုက်ထုတ်ဖို့ တာဝန်ကို လုပ်ဆောင်ပါတယ်။ အရွယ်ရောက်လာပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပြီးပြည့်စုံလာတဲ့အခါ အာသီးရဲ့အရေးပါမှုက လျော့သွားပြီး အာသီးကလည်း ကျုံ့သွားတတ်ပါတယ်။
ဘာကြောင့် အာသီးရောင်တာလဲ?
- အများစုကတော့ အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဝင်လို့ ရောင်တာပါ။
- တချို့ကတော့ Group A Streptococcus ဘက်တီးရီးယားပိုးတွေကြောင့် အာသီးရောင်နိုင်ပါတယ်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်ဖြစ်၊ ဘက်တီးရီးယားကြောင့်ဖြစ်ဖြစ် အာသီးရောင်တာဟာ တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တာမို့ အလုပ်သွားတာ၊ ကျောင်းသွားတာနဲ့ လူထူထပ်တဲ့ နေရာတွေကို သွားတာမျိုး ရှောင်သင့်ပါတယ်။
ချောင်းဆိုး၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ဖြစ်စေ၊ တစ်ရှူး၊ လက်ကိုင်ပုဝါတို့နဲ့ဖြစ်စေ ဖုံးအုပ်ထားသင့်ပါတယ်။ တံတွေထွေးတဲ့အခါ၊ နှပ်ညှစ်တဲ့အခါ တစ်ရှူး၊ လက်ကိုင်ပုဝါများကို အသုံးပြုသင့်ပါတယ်။ အစာမစားခင်နဲ့ အိမ်သာကဆင်းတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောသင့်ပါတယ်။
ဘယ်လိုကုသမလဲ?
- ပါရာစီတမောနဲ့ Ibuprofen တို့လို့ အနာသက်သာတဲ့ဆေးတွေ သောက်နိုင်ပါတယ်။
- ရေများများသောက်ပါ။ ဆားရည်နဲ့ ပလုတ်ကျင်းပါ။
- အနားယူပါ။
- စစ်ကြည့်လို့ ဘက်တီးရီးယားကြောင့် ရောင်တာ သေချာရင် ပိုးသတ်ဆေးသောက်သင့်ပါတယ်။
တချို့ကလေးတွေမှာ အာသီးရောင်တာက တစ်ပတ်ထက်ပိုပြီး ကြာနေတာ၊ မကြာခဏ အာသီးရောင်တာမျိုးဖြစ်နေတာတွေ ကြုံရရင်တော့ ဒါတွေကို နာတာရှည်အာသီးရောင်တာလို့ သတ်မှတ်ပြီး ခွဲစိတ်ဖယ်ရှားလေ့ရှိပါတယ်။ ခွဲစိတ်တာကို မေ့ဆေးပေးပြီး ပြုလုပ်ရကာ နာရီဝက်မှ တစ်နာရီထိ ကြာနိုင်ပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးရှိလား?
အာသီးရောင်တာက နောက်ဆက်တွဲဆိုးကျိုးဖြစ်တာ ရှားပါတယ်။
- နားအလယ်ပိုင်း ပိုးဝင်တာ
- အာသီးမှာ ပြည်တည်တာ
- အားသီးက ကြီးပြီးပိတ်နေလို့ အိပ်တဲ့အချိန်မှာ ဟောက်သံထွက်တာ
- ကျောက်ကပ်ရောင်လာတာတွေက ရှားရှားပါးပါး ဖြစ်တတ်တဲ့ ဆိုးကျိုးတွေပါ။
အာသီးရောင်တာက အသက်အန္တရာယ်နဲ့ ဝေးပေမယ့်လည်း နေရထိုင်ရခက်၊ ခံရခက်တဲ့ ဝေဒနာတစ်ခုပါ။ အာသီးရောင်တဲ့အခါ အမြန်ဆုံးသက်သာအောင် လုပ်ရသလို တခြားသူတွေကို မကူးအောင် ဂရုစိုက်ဖို့လည်း မမေ့ကြပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်