ဆီးလမ်းကြောင်း ပိုးဝင်ခြင်း နဲ့ E.coli
ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာက သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေ အကြောင်း အမျိုးမျိုးနဲ့ ဆီးလမ်းကြောင်းထဲ ရောက်သွားတာကို ဆိုလိုတာပါ။ ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်မှုက ဖြစ်ခဲပါတယ်။
လေ့လာမှုတွေအရကတော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းထက် ပိုတိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင် ကူးစက်ခံရနိုင်ခြေက ၄ ဆ ပိုများပါတယ်။ ဗိုင်းရပ်စ်က ဆီးလမ်းကြောင်းထဲ ဝင်ရောက် ကူးစက်သွားတဲ့အခါ ကျောက်ကပ်ထိ ရောက်နိုင်ပြီး ဆီးအိတ်၊ ကျောက်ကပ်တို့ကို ဒုက္ခရောက်စေပါတယ်။
ကျောက်ကပ်၊ ကျောက်ကပ်နဲ့ ဆီးအိတ်ကြားလမ်းကြောင်း၊ ဆီးပြွန်၊ ဆီးအိတ်၊ ဆီးထွက်ပေါက်သို့လားရာ လမ်းကြောင်း တစ်လျှောက် မည်သည့်နေရာမှာမဆို ပိုးများကြောင့် ဆီးစွန့်ထုတ်ရ အဟန့်အတားဖြစ်လာတတ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှာ အတွေ့ရအများဆုံးကတော့ Escherichia Coli လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးပါ။
ဒီ E.coli ပိုးက ဘယ်ကနေရောက်လာတာလဲ? လူနဲ့ တိရစ္ဆာန်တို့ရဲ့ အူထဲမှာ E. Coli ပိုးဟာ သဘာဝအလျောက် ရှင်သန်နေပါတယ်။ E. Coli အမျိုးအစား အများစုက အန္တရာယ်မပြုတတ်ပါ။ သို့ရာတွင် မသန့်ရှင်းသောရေနဲ့ အစားအစာ (ဥပမာ မကျက်တကျက် အသားများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ မကျိုချက်ထားတဲ့ရေ) မှာပေါက်ဖွားတဲ့ မျိုးကွဲ E.coli O157:H7 ဟာ ဝမ်းလျောသွေးပါစေတယ်။
အန်တယ်။ ဗိုက်အောင့်စေတယ်။ ဒီမျိုးကွဲက ပမာဏအနည်းငယ်စားမိရုံမျှနဲ့ ဖျားနာဝမ်းလျောစေပါတယ်။ ဆီးလမ်းကြောင်းနဲ့ အစာအိမ်အူလမ်းကြောင်းတို့ဟာ ကပ်လျက်အနေအထားနဲ့ တည်ရှိတဲ့အတွက် ဝမ်းသွားပြီး သေချာမသန့်စင်တာ၊ လက်ကိုဆပ်ပြာနဲ့ သေချာမဆေးတာစတဲ့ အပြုအမူတွေကတစ်ဆင့် ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ကိုပါ ဒုက္ခရောက်စေနိုင်ပါတယ်။
- ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုများ၊ ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းသူများ (ကင်ဆာဝေဒနာရှင်များ၊ AIDS ရောဂါရှိသူများ)၊ အစာအိမ်ရဲ့ အက်စစ်ထုတ်မှု လျော့နည်းနေသူများ ( အစာအိမ်နာရောဂါကြောင့် အစာအိမ်၏ အက်စစ်ကိုလျော့နည်းစေတဲ့ဆေးများ သောက်သုံးနေသူများ) စသည့်အခြေအနေရှိသူများသည် E.coli ပိုးဝင်နိုင်ချေများတဲ့အတွက် မိမိတို့စားသောက်နေသော အစားအစာသန့်ရှင်းစေဖို့ အထူးဂရုပြုသင့်ပါတယ်။
- အစားအသောက်သုံးပစ္စည်းများကို သန့်ရှင်းအောင် ဆေးကြောပါ။
- အသားစိမ်းများနဲ့ အသင့်စားချက်ပြုတ်ပြီး အစာများ သီးသန့်ခွဲထားပါ။
- အစာမစားမီ၊ အိမ်သာတက်ပြီး၊ အိမ်မွေးတိရစ္ဆာန်များကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးဖို့ လိုအပ်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာက တစ်ခါတလေမှာ လက္ခဏာ မပြတာမျိုး ရှိနိုင်တပါတယ်။ များသောအားဖြင့် ကတော့
- ဆီးသွားတဲ့အခါ နာကျင်တာ
- ဆီးမကြာခဏ သွားချင်နေတာ
- ဆီးသွားနည်းနေတာ
- ဆီးကျန်သလို ခံစားရတာ
- ဆီးမထိန်းနိုင်တာ
- ဆီးထဲသွေးပါတယ်
- ဆီးအရောင်က ရင့်နေတာ
- ဆီးက အရောင်ပုံမှန် မဟုတ်တာ
- ဆီးနံ့ ပြင်းတာ
- အမျိုးသမီးတွေမှာ တင်ပါးဆုံထဲက နာတာမျိုးတွေ ခံစားရနိုင်ပါတယ်။
တကယ်လို့ ဆီးလမ်းကြောင်းပိုးဝင်တာက အရမ်းပြင်းထန်မယ်၊ ဆီးပို့ပြွန် အတွင်းမှာ ဖြစ်မယ်ဆိုရင်
- ခါး အောက်ပိုင်းက နာကျင်မယ်
- ချမ်းတုန်မယ်
- အဖျား တက်မယ်
- မအီမသာဖြစ်မယ်
- မူးဝေမယ် စတာတွေ ခံစားရနိုင်ပါတယ်။
Dr.MMT