မြွေကိုက်ခံရရင် ဘာလုပ်ရမလဲ
မြွေကိုက်ခံရတဲ့ဖြစ်ရပ်ဟာ အပူပိုင်းဇုံရှိ ဖွံဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသများ၌ အတွေ့ရများတဲ့ ကျန်းမာရေးပြသာနာတစ်ခုလို့ ဆိုနိုင်ပါတယ်။ အချိန်မီ မြွေဆိပ်ဖြေဆေး မရလိုက်ခြင်း၊ မြွေဆိပ်ဖြေဆေး ပမာဏ မလောက်ငှခြင်း၊ မြွေဆိပ်ဖြေဆေး မစစ်မှန်ခြင်းတို့ကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီး ရနိုင်ကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။
မြွေဆိုတာက အဆိပ်ပြင်းတဲ့ သတ္တဝါလို့ လူသိများကြပါတယ်။ မြွေဆိုတဲ့နေရာမှာ အမျိုးအစား နဲ့ အရွယ်အစားကိုလိုက်ပြီး အဆိပ်ပြင်းတာက ကွာခြားနိုင်ပါတယ်။ မြွေဆိပ်ဆိုတဲ့နေရာမှာလည်း အာရုံကြောတွေကို ထိခိုက်စေနိုင်တာမျိုး ရှိသလို သွေးထဲမှာ ပြန့်သွားတဲ့ မြွေဆိပ်တွေလည်း ရှိပါတယ်။
မြွေဆိပ်ကြောင့် ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာ နာရီပိုင်းအတွင်း ရုတ်ချည်းကျဆင်းနိုင်ပါတယ်။ မြွေဆိပ်သည် ကျောက်ကပ်ဆီသို့ သွေးပေးဝေနေမှုကို လျော့နည်းစေသည့်အတွက် ကျောက်ကပ်ရဲ့ အစိတ်အပိုင်းတွေဟာ သွေးမလုံလောက်မှုကြောင့် ကောင်းစွာ မလည်ပတ်နိုင်တော့ပါ။
ဒါ့အပြင် တစ်ကိုယ်လုံးရှိ သွေးကြောများ သွေးခဲခြင်း၊ သွေးနီဥများ ပျက်စီးခြင်း၊ သွေးဆိပ်တက်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသာနာနဲ့ ရုတ်တရက်နှလုံးရပ်ခြင်းများလည်း ခံစားရနိုင်ပါတယ်။
ကျောက်ကပ်ထိခိုက်ပျက်စီးတဲ့ လက္ခဏာများမှာ ခါးနာခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ဆီးသွားနည်းခြင်း၊ ဆီးလုံးဝမသွားတော့ခြင်း တို့ဖြစ်ပါတယ်။
မြွေဆိပ်က အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုပေမယ့် ရှေးဦးသူနာပြုစုနည်းကို သေချာ လုပ်ဆောင်မယ်။ အချိန်မီ ဆေးကုသမှု ခံယူမယ်။ လိုက်နာဂရုစိုက်ရမယ့် အချက်တွေကို သေချာလေး လိုက်နာဂရုစိုက်မယ်ဆိုရင် မြွေကိုက်ခံရပေမယ့်လည်း အသက်ရှင်နိုင်ပါတယ်။
- မြွေကိုက်ခံရပြီလို့ သံသယရှိရင် အကိုက်ခံရတဲ့နေရာကို ရေနဲ့ ဆပ်ပြာနဲ့ဆေးပါ။ သန့်စင်သောအဝတ်စနဲ့ အနာကို ဖိထားပါ။
- ကိုက်ရာကို ကြပ်ထုပ်မစည်းရ။ ဓားနဲ့ဆွခြင်း၊ မြွေဆိပ်စုပ်ထုတ်ခြင်း၊ ရေခဲကပ်ခြင်းများ လုံးဝမလုပ်ရ။
- ကိုက်ခံရတဲ့ အချိန်မှတ်သားပေးပါ။ မြွေအမျိုးအစားကို ဖြစ်နိုင်လျှင် မှတ်သားပေးပါ။ ဓာတ်ပုံရိုက်ယူပါ။
- မြွေဆိပ် သွေးအတွင်းလျင်မြန်စွာ မပျံ့နှံစေဖို့ မြွေကိုက်ခံရတဲ့ဒဏ်ရာကို နှလုံးတည်ရှိရာ၏ အောက်ဘက်မှာ ထားပါ။
- နီးစပ်ရာ ဆေးရုံသို့ အမြန်ဆုံးပို့ပါ။
- ညဘက် မဖြစ်မနေ ချုံထူသောနေရာများသို့ သွားရလျှင် ဘွတ်ဖိနပ်ရှည်စီးပါ။ တုတ်ရှည်ဆောင်သွားပါ။ ဓာတ်မီးဆောင်ပါ။ ဖြစ်နိုင်လျှင် မလိုအပ်ဘဲ ညဘက်အပြင်မထွက်ပါနဲ့။
မြွေကိုက်ခံရရင် ဘာတွေ မလုပ်ရဘူးလဲ
မြွေကိုက်ခံရရင်
- အနာကို ပတ်တီးတွေ အဝတ်စတွေနဲ့ အုပ်တာမျိုး မလုပ်ပါနဲ့။
- လူနာကို ရေများများတိုက်တာ၊ အစားအသောက် တဝကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ အဆိပ်တွေကို မြန်မြန် ပြန့်သွားစေနိုင်လို့ပါ။ ဇီဝကမ္မ ဖြစ်စဉ် နှေးနိုင်သမျှ နှေးအောင် လုပ်ဆောင်ထားတာက အဆိပ်ပြန့်နိုင်ခြေကို နည်းစေနိုင်လို့ပါ။
- မြွေကိုက် ခံရတဲ့နေရာကို ရေခဲဝတ် ကပ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက မြွေဆိပ်ကြောင့် ထိခိုက်နိုင်ခြေ များစေနိုင်လို့ပါ။
- မြွေကိုက် ခံရတဲ့ နေရာတဝိုက်ကို ဝိုင်ယာကြိုးတွေ၊ ရော်ဘာကြိုးတွေနဲ့ စည်းတာမျိုး မလုပ်ပါနဲ့။
- အနာကို ဓားနဲ့ခွဲတာမျိုး မလုပ်ပါနဲ့။ မလိုအပ်ဘဲ သွေးဆုံးရှုံးပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်လို့ပါ။
- အနာကို ဆေးလိပ်မီး၊ မီးစတွေနဲ့ ထိုးတာမျိုး မလုပ်ပါနဲ့။
- အနာကို ပါးစပ်နဲ့ စုပ်ပြီး အဆိပ်ထုတ်တာမျိုး မလုပ်ပါနဲ့။
- Potassium permanganate ကို မသုံးပါနဲ့။
Dr. May Myat Tun