ဘေလုံးမှာ ထိခိုက်ဒါဏ်ရာရခဲ့သော်
ဘေလုံး၊ ဘေလုံးနဲ့ ကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဘယ်လုံး (Spleen) ဆိုတာ ဘာကြီးလဲ? ဘယ်နားမှာရှိတာလဲ? ဘယ်အတွက် လိုအပ်တာလဲ?
ဘေလုံးဟာ ခန္ဓာကိုယ်ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အပေါ်ခြမ်း (Left Hypochondrium) နံရိုးနံပါတ် ၉ နဲ့ ၁၁ကြားမှာ ရှိပါတယ်။ သူ့ရဲ့အရှေ့ဘက်မှာ အစာအိမ်ရှိပြီး သူ့ဘေးနားလေးမှာ ဘယ်ဘက်ကျောက်ကပ်ရှိပါတယ်။
လူတစ်ယောက်ရဲ့ ဘေလုံးအရွယ်အစားဟာ အကြမ်းအားဖြင့် ထိုလူရဲ့ လက်သီးဆုပ် အရွယ်ရှိပါတယ်။ လက်သီးဆုပ် အရွယ်ကြီးရင် ဘေလုံးအရွယ်လည်း ကြီးနိုင်သလို လက်သီးဆုပ်သေးရင် ဘေလုံးအရွယ်အစားလည်း သေးနိုင်ပါတယ်။
ခန္ဓာကိုယ်အတွက် ဘာအသုံးဝင်လဲဆိုရင် ဘေလုံးဟာ သွေးကြောထဲမှာရှိတဲ့ သက်တမ်းပြည့်ခါနီး သွေးနီဥတွေ ပိုးတွေကို ဖယ်ရှားပေးပါတယ်။ နောက်ပြီး Antibody Ig M ကို ထုတ်ပေးပြီး ကိုယ်ခံအားစနစ်ကို အထောက်အကူပြု ပေးပါတယ်။ သွေးနီးဥရဲ့ ၈ရာခိုင်နှုန်းကိုလည်းသိုလှောင်ထားနိုင်ပြီး လိုအပ်တဲ့အခါကျ ထုတ်ပေးနိုင်ပါတယ်။
ဝမ်းဗိုက်နဲ့ ရင်ဘတ်၏ဝဲဘက်အောက်ပိုင်းကို ချွန်ထက်သောအရာနဲ့ အထိုးခံရ၍ဖြစ်စေ (ဘယ်ဘက်နံရိုးကျိုးကာ ဘေလုံးကို စိုက်မိခြင်း)၊ အားပြင်းသော အရှိန်ဖြင့် ဆောင့်တိုက်မိ၍ဖြစ်စေ (ဥပမာ ယာဥ်မတော်တဆဖြစ်မှု၊ ဓားထိုးမှု) ၊ ခွဲစိတ်ရာမှာ ဘေလုံးနေရာတစ်ဝိုက် မလွတ်ကင်း၍ မတော်တဆ ဒဏ်ချက်ဖြစ်စေခြင်း၊ ငှက်ဖျားရောဂါ၊ Thalassemia ရောဂါ စသည့် အခြေအနေတွေမှာ ဘေလုံးစုတ်ပြဲခြင်း အပါအဝင် ဘေလုံးအနာတရ ဖြစ်တတ်ပါတယ်။
ဘေလုံးမှာဒဏ်ရာဖြစ်တဲ့အခါ ဝမ်းဗိုက်တွင်း သွေးယိုစိမ့်ခြင်းကြောင့်
- ရင်ညွှန့်တဝိုက်နဲ့ ဝမ်းဗိုက်ရဲ့ဘယ်ဘက်ခြမ်းမှာ အောင့်ခြင်း၊
- ဘယ်ဘက်ပခုံးထိပ်မှာ နာခြင်း၊
- သွေးထွက်လွန်ခြင်းကြောင့် သွေးပေါင်ကျကာ သတိလစ်မေ့မြောခြင်း၊
- နှလုံးခုန်နှုန်း နှင့် အသက်ရှူနှုန်းမြန်ခြင်း၊
- ဖြူဖတ်ဖြူရော်ဖြစ်ခြင်းများ တွေ့ကြုံခံစားရပါတယ်။
အရေးပေါ်အသက်ကယ်ကုသမှုများ ပြုလုပ်ပြီးနောက် ထိခိုက်ပျက်စီးရတဲ့အခြေအနေပေါ်မူတည်ကာ အရေးပေါ်ဘေလုံးဖြတ်ထုတ်ရခြင်း၊ ဖာထေးပြုပြင်ခြင်း၊ ဘေလုံးရဲ့ ပျက်စီးတဲ့အစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်း အစရှိတဲ့ ခွဲစိတ်ကုသမှုများ ခံယူရပါတယ်။
“လူသားအားလုံး မတော်တဆထိခိုက်မှု အန္တရာယ်မှ ကင်းဝေးလွတ်မြောက်ကြပါစေ’’ လို့ဆန္ဒပြုဆုတောင်းလျက်…
Dr. May Myat Tun