အနာ့ပဆုတ်ဆိုတာ
အရေပြားရဲ့အောက်ကပ်လျက် အဆီပြင်အလွှာမှာ ပိုးတွယ်ရာမှတစ်ဆင့် အပေါ်အရေပြားကိုပါ လှိုက်စားလာတဲ့အခါ အနာ့ပဆုတ် (Carbuncle) လို့ခေါ်တဲ့ အနာကြီးတွေ ဖြစ်ပေါ်တတ်ပါတယ်။ များသောအားဖြင့် အရေပြားအောက်နက်နက်ရှိုင်းရှိုင်းမှာဖြစ်တတ်ပြီး မွေးညင်းပေါက်တွေပါထိခိုက်ပါတယ်။ Staph ရောဂါပိုးဝင်ခြင်းလို့လည်း ခေါ်ကြပါသေးတယ်။
တစ်ခုထက်ပိုတဲ့အနာ့ပဆုတ်တွေဟာ အရေပြားမှာ အမာရွတ်ထင်သွားစေတယ်။ ထိုအနာတွေဟာ တစ်နေရာမှ တခြားတစ်နေရာကိုပါပျံ့နှံ့တတ်ပါတယ်။ ဒါကြောင့် သတိထားဖို့လိုအပ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဆိုရင်လည်း မမှားပါဘူး။
လည်ပင်းဂုတ်ပိုး၊ ကျောတွေမှာ အတွေ့များပါတယ်။ မွှေးညှင်းပေါက်ပိုးဝင်တာ၊ ဆီးချိုရောဂါရှိတာ၊ မသန့်ရှင်းတဲ့ တစ်ကိုယ်ရည် အလေ့အကျင့်တွေရှိထားတာ၊ ပွန်းရာပဲ့ရာတွေ ဖြစ်နေတာ စတဲ့ အချက်များဟာ အနာ့ပဆုတ်ကို အစပြုဖြစ်ပွားစေပါတယ်။
များသောအားဖြင့် အနာ့ပဆုတ်ရှိတဲ့နေရာဟာ
- ပူ၊ နီ၊ နာ၊ ယောင်ပြီး မာခဲခဲကြီး ဖြစ်နေတတ်တယ်၊
- အရေပြားကွာကျတတ်တယ်၊
- အနာကနေ ပြည်ထွက်မယ်၊
- အနာပေါက်တွေ ပွားများလာတတ်တယ်၊
- ရက်အတန်ငယ်ကြာ သေချာသန့်စင်ခြင်း၊ ပိုးသတ်ဆေးသောက်ခြင်းများ မပြုလုပ်ရင် အဖျားကြီးကာ ပိုးဆိပ်သင့်တတ်ပါတယ်။
အနာအရွယ်အစားကလည်း ပဲနီစေ့အရွယ်ကနေ အနေတော်မှိုပွင့်အရွယ်ထိ အမျိုးမျိုးဖြစ်နိုင်တယ်။ ထိုအဖုမှာ ပြည်တွေနဲ့ပြည့်နေတတ်ပြီး အနားပတ်ဝန်းကျင်မှာလည်း ရောင်ရမ်းနေတတ်ပါတယ်။ တခြားအချက်တွေကတော့
- အဖုမပေါက်ခင်အရင်ယားယံခြင်း
- တကိုယ်လုံးကိုက်ခဲခြင်း
- နွမ်းနယ်ခြင်း
- ဖျားနာခြင်း
- အရေပြားကွဲအက်ခြင်း၊ အရည်များထွက်ခြင်း
- အဖုပေါက်ပြီးတစ်ရက်လောက်အကြာမှာ ပြည်တည်လာခြင်း စတာတွေပါပဲ။
တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။
အနာ့ပဆုတ်ရှိပြီလို့ ယူဆရရင် -
- အနာရှိတဲ့နေရာကို သန့်စင်အောင်ထားပါ။ မည်သည့်လိမ်းဆေး၊ ဆေးမှုန့်များမှ အနာကိုသိပ်ခြင်း၊ လူးခြင်းများ မပြုရ။
- မိမိတို့ သက်ဆိုင်ရာဆရာဝန် ညွှန်ကြားချက်အတိုင်း သင့်လျော်သောပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေး ရက်ပြည့်အောင် သောက်သုံးပါ။
- ဆီးချိုရှိသူဆိုလျှင် ဆီးချို စနစ်တကျ ပြန်လည်ထိန်းညှိဖို့ လိုပါမယ်။
- အနာအရွယ်အစားအကြီးအသေးအလိုက် ဆရာဝန်ထံမှာ လှီးထုတ်ကာ လိုအပ်လျှင် အရေပြားအစားထိုးရတတ်ပါတယ်။
သို့ပါ၍ အနာအရမ်းကြီးမှ အနာရင်းသည်အထိ ပေါ့ဆစွာမနေဘဲ ကျွမ်းကျင်သောဆရာဝန်များထံ စောလျင်စွာ ဆွေးနွေးပြသဖို့ အကြံပြုပါတယ်။
Dr. May Myat Tun