ကိုယ်ဝန်ဆောင်ချိန်မှာ အကြိုက်တွေ ပြောင်းလဲလာတာ ဘာကြောင့်ဖြစ်မလဲ
ကိုယ်ဝန်ရှိချိန်မှာ အရမ်း ကြိုက်ခဲ့တာတွေကို မကြိုက်တော့ဘဲ အနံ့တောင် ခံမရတာတွေကိုမှ စားချင်လာတယ် ဆိုတာ ကိုယ်ဝန်ကြောင့် အကြိုက်တွေ ပြောင်းလဲလာတာပါ။ ဒါကလည်း မိခင်ဘဝရဲ့ အတွေ့အကြုံ တစ်ခုပေါ့။ ဘာကြော်င့ ဒီလို ဖြစ်ရတာလဲဆိုတာကို ပြောပြပေးမှာမို့ အဆုံးထိ ဖတ်ကြည့်လိုက်နော်။
ကိုယ်ဝန်ဆောင်ချိန်မှာ အချို့သော အစားအစာတွေကို အနံ့တောင် မခံနိုင်ပေမယ့် အချို့သော အရာတွေကိုတော့ စားချင်စိတ်တွေ တဖွားဖွား ပေါ်နေတတ်ပါတယ်။ မြန်မာလိုကတော့ ဒါကို ချင်ခြင်းတပ်တယ်လို့ ခေါ်ပါတယ်။ ဒါက ပုံမှန်ဖြစ်တတ်တာလား ဆိုတော့ ဟုတ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အရင်က နှစ်သက်ခဲ့တာတွေကို စားချင်စိတ် မရှိဘဲ လှည့်တောင်မကြည့်ခဲ့တာတွေကို စားချင်တာလာက ကိုယ်ဝန်ဆောင် အပြောင်းအလဲတွေထဲက တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ လုပ်ဆောင်ပေးမယ့် တွန်းအားပေါ့။
ဒီအခြေအနေကို ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၆ ဦးလောက် ခံစားရပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ အဓိကကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်တာကြောင့် အကြိုက်တွေ ပြောင်းလဲလာတာပါ။
ဒီအခြေအနေကို ကိုယ်ဝန်ဆောင်ချိန်ရဲ့ ၆ ပတ်တာ ကာလကနေ ၁၄ ပတ်တာ ကာလအတွင်းမှာ အပြင်းထန်ဆုံး ခံစားရနိုင်ပါတယ်။ ဒီလိုအချိန်မှာ အကြိုက်ပြောင်းတာ မှန်ပေမယ့် မိခင်နဲ့ ရင်သွေးလေး ကျန်းမာဖို့ မရှိမဖြစ် လိုအပ်မယ့် အစားအစာ အုပ်စုကိုတော့ မဖြစ်မနေ စားသုံးဖို့ လိုပါမယ်။ ဒီကာလမှာ အကြိုက် ပြောင်းလဲတာနဲ့အတူ ကိုယ်ဝန်ဆောင် မအီမသာဖြစ်တာကိုပါ အတူ ခံစားရနိုင်တာကြောင့် အော့အန်တာ၊ နုံးတာတွေကိုပါ ခံစားရမှာပါ။
ဒီလက္ခဏာတွေကြောင့် ကိုယ်တွင်းက ရေဓာတ် ဆုံးရှုံးတာ အစားမစားဘဲ နေတာကြောင့် ကိုယ်အလေးချိန် ကျသွားတာတွေကိုပါ ခံစားရနိုင်ပါတယ်။ မိခင်ရော ရင်သွေးလေးပါ ကျန်းမာစေဖို့ ဒါတွေကို ပြန်လည်ဖြည့်တင်းဖို့လိုပါမယ်။ ဒါကြောင့် အရမ်း ပြင်းထန်မယ်ဆိုရင် အိုဂျီနဲ့ သေချာလေး ပြကြည့်ပါ။
အကြိုက်တွေက ဘယ်လိုတွေ ပြောင်းလဲနိုင်လဲ
ကိုယ်ဝန်ဆောင်ချိန်မှာ အကြိုက်ပြောင်းလဲတဲ့အနေနဲ့ အခုလို အစားအစာတွေကို တောင့်တတာမျိုးတွေ ရှိတတ်ပါတယ်။
- အရက်ဘီယာ
- ကော်ဖီ၊ လက်ဖက်ရည်
- အသား
- အဆီများတဲ့ အစားအစာတွေ
- အစပ်ကဲတာတွေ
- ကြက်ဥ ဘဲဥ စတာတွေပါ။
ဘာကြောင့်များ ကိုယ်ဝန်ဆောင်ချိန်မှာ အကြိုက်ပြောင်းရတာလဲ?
အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ဝန်ဆောင်ချိန်မှာ အကြိုက်တွေ ပြောင်းလဲရတာရဲ့ အဓိက ဇာတ်ကောင်က ဟော်မုန်း ပြောင်းလဲတာပါ။ ဒီကာလမှာ အကြိုက်တင် ပြောင်းတာ မဟုတ်ဘဲ၊ အနံ့ခံအာရုံလည်း သိသိသာသာ ပြောင်းလဲလာမှာပါ။ အရသာခံနိုင်စွမ်းလည်း ပြောင်းသွားမှာပါ။
ကျန်းမာအောင် ဘယ်လို စားမလဲ?
အကြိုက်တွေ ပြောင်းလဲသွားချိန်မှာ မိခင်ရော ရင်သွေးလေးပါ ကျန်းမာစေဖို့ဆိုရင် အသီးအရွက်၊ ပဲအမျိုးမျိုး၊ ပေါင်မုန့်၊ ဆီရီယယ်၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊ အသား၊ ကြက်သား၊ ငါး၊ သစ်သီးတွေ စားပေးပါ။ ပြည့်ဝဆီတွေ၊ အငန်ကဲတာ၊ အချိုကဲတာ၊ ကဖင်းများတာ၊ အယ်လ်ကိုဟောပါတာတွေကိုတော့ ရှောင်ရပါမယ်။
ဟော်မုန်းပြောင်းလဲမှုတွေက ကိုယ်ဝန်ဆောင်ချိန်မှာ အကြိုက်ပြောင်းလဲစေတာပါတဲ့နော်။
မွန်မွန်