အိပ်ရေးပျက်ရင် ကလေးရဖို့ ခက်သလား
လက်ရှိနေထိုင်တဲ့ ဘဝသက်တမ်းတလျှောက် အိပ်ရေးမပျက်ဖူးတဲ့ သူရယ်လို့ မရှိပါဘူး။ အိပ်စက်ခြင်းက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါပါတယ်။ လူတိုင်းက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ညစဉ်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိဖို့ လိုအပ်ပါမယ်။
လူတိုင်းလိုလို အထင်မှားနေတာ တစ်ခုက မျက်လုံးမှိတ်ပြီး အိပ်လိုက်တာနဲ့ အိပ်ရေးဝစေမယ့် အိပ်စက်မှုကို ရတယ်လို့ပေါ့။ တကယ်ကတော့ စိတ်ရောကိုယ်ပါ အနားရတဲ့ အိပ်စက်မှုကမှ ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိတာပါ။ ဒါမှ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ အိပ်စက်မှုက ဘက်စုံ ကျန်းမာရေးအတွက် အရေးပါသလို အမျိုးသမီးတွေ ကလေးရရှိစေရေးမှာလည်း အရေးပါပါတယ်။
အိပ်ရေးပျက်ရင် ကလေးရဖို့ ခက်သလား
အိပ်ရေးဝခြင်းရဲ့ အကျိုးသက်ရောက်မှုက စိတ်ရောကိုယ်ပါ ကျန်းမာရေးနဲ့ တိုက်ရိုက်အချိုးကျ ပတ်သက်နေပေမယ့် ကလေးရနိုင်ခြေနဲ့တော့ သွယ်ဝိုက်တဲ့နည်းလမ်းတဲ့ ပတ်သက်နေပါတယ်။ အမျိုးသမီးတစ်ယော်ကအနေနဲ့ ပြည့်ဝလုံလော်ကတဲ့ အိပ်စက်ချိန် ရရှိမှာ မျိုးအောင်နိုင်စွမ်းကလည်း ကောင်းမှာပါ။
အကြောင်းကတော့ အိပ်စက်မှုက မျိုးအောင်စေမယ့် ဟော်မုန်းထွက်ရှိမှုအပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါ။ အိပ်ရေးပျက်တာ များမယ်ဆိုရင် ခန္ဓာကိုယ်မှာ မျိုးအောင်စေမယ့် ဟော်မုန်းထွက်ရှိမှု နည်းသွားပြီး အခြားဟော်မုန်းတွေကို ပိုထုတ်ပါလိမ့်မယ်။ အကြောင်းကတော့ မျိုးအောင်စေတဲ့ ဟော်မုန်းကို ထိန်းညှိပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းက အိပ်စက်ခြင်းနဲ့ နိုးထခြင်း စက်ဝန်းကို ထိန်းညှိပေးနေတဲ့ မယ်လ်လာတိုနင် ဟော်မုန်း နဲ့ ကော်တီစောဟော်မုန်းတွေ ထွက်ရှိမှုကိုပါ ထိန်းညှိပေးနေတာကြောင့်ပါ။
အိပ်ရေးပျက်လာတဲ့အခါ ခန္ဓာကိုယ်က မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေသလို ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကော်တီစောလို့ ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုထုတ်ဖို့ အချက်ပြလိုက်တာက အီစထရိုဂျင်၊ ပရိုဂျင်စတုန်း နဲ့ အခြား မျိုးပွားမှုဆိုင်ရာ ဟော်မုန်းတွေ ထွက်ရှိမှုကို လျော့ကျစေပါတယ်။ ဒီဖြစ်စဉ်က ကလေးရနိုင်ခြေကို လျှော့ချပစ်လိုက်ပါတယ်။
အိပ်စက်ခြင်းနဲ့ နိုးထခြင်း စက်ဝန်းကို ထိန်းညှိပေးနေတဲ့ ဟော်မုန်းတွေကို အမျိုးသမီးတွေမှာ သားဥကြွေဖို့ လုပ်ဆောင်ပေးတာ ဖြစ်တာကြောင့် အိပ်ရေးပျက်တာက ရာသီစက်ဝန်း ရက်မှန်စေဖို့ကိုပါ ထိခိုက်စေပြီး အမျိုးသမီးတွေမှာ ကလေးရဖို့ ခက်စေတာပါ။
နောက်တစ်ချက်ကတော့ အိပ်ရေးပျက်တာက အမျိုးသမီးတွေကို ကိုယ်ဝန်ရနိုင်ခြေကို အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အဝလွန်တာ၊ ဆီးချို နဲ့ သွေးတိုး အပြင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။
နောက်ဆုံးတစ်ချက်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ အိပ်ရေးပျက်တာက စိတ်ပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းကို ထိခိုက်စေတာကြောင့် လိင်စိတ်နည်းပါးမှုကို ဖြစ်စေပြီး ကလေးယူဖို့ကို အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တာက ကလေးရရှိမှုကို နည်းစေနိုင်တယ်လို့ ဆိုရတာပါ။
ဒါကြောင့် ကလေးယူဖို့ ဆန္ဒရှိမယ်ဆိုရင် တစ်ညတာကို စိတ်ရောကိုယ်ပါ အနားရတဲ့ အိပ်စက်ချိန် ၇ နာရီ ကနေ ၈ နာရီလောက် ရရှိဖို့ လိုပါမယ်။ ကဖင်းလျှော့တာ၊ အာဟာရမျှတအောင်စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ screen time လျှော့တာတွေ လုပ်ဆောင်ပေးမယ်ဆိုရင် ပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေမှာ ဖြစ်သလို ကလေးရရှိမှုကိုလည်း မြှင့်တင်နိုင်မှာပါ။
ည ၁၀ နာရီ ထက် နောက်မကျဘဲ အိပ်ရာဝင်မယ် မနက်ကို ၇ နာရီထက် မကျော်စေဘဲ အိပ်ရာထတာက ကလေးရရှိမှုကို မြှင့်တင်ပေးနိုင်မယ့် အိက်စက်ချိန်ပါလို့ သတင်းကောင်း ပါးလိုက်ချင်ပါတယ်။
မွန်မွန်