ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ရလား
ပန်းသေပန်းညှိုးဆိုတာ တကယ်တော့ ကာမအလုပ်လုပ်ရမယ့်အချိန်မှာ ညီလေးက အိပ်ရေးမဝသလို မလန်းဆန်းဘဲ ညှိုးကျသွားတဲ့ လိင်ကျန်းမာရေး အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ယောက်ျားလေးတွေမှာ မကြာခဏဖြစ်တတ်တဲ့ ပြဿနာဖြစ်ပြီး ဒီပြဿနာကြောင့်လည်း လိင်မှုကိစ္စ လုပ်တော့မယ်ဆိုတိုင်း ကိုယ့်ရဲ့ စိုးရိမ်ပူပန်စိတ်တွေ၊ မလုံမလဲဖြစ်တဲ့စိတ်တွေ ပိုဝင်လာပြီး နောက်ထပ် လိင်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ပိုလို့ ကြုံတွေ့ရနိုင်ပါတယ်။
တကယ်တော့ ပန်းသေပန်းညှိုးဆိုတာ အသက် (၄၀) နောက်ပိုင်းမှာ ခန္ဓာကိုယ်က ကျားဟော်မုန်းထုတ်လုပ်မှု အဆမတန်နည်းသွားတဲ့အတွက် သူနဲ့ဆက်စပ်တဲ့
- အရိုးအဆစ်တွေ အားနည်းလာတယ်။
- လန်းဆန်းတက်ကြွမှုမရှိဘဲ အားအင်ကုန်ခမ်းလွယ်လာတယ်။
- ကြွက်သားနာကျင်ကိုက်ခဲမှု မကြာခဏဖြစ်တတ်တယ်။
- စိတ်ဖိစီးမှုတွေ ပိုများလာတယ်။
- လိင်စိတ်ဆန္ဒတွေ လျော့နည်းလာတယ်။
- လိင်တံထောင်မတ်အား ကျဆင်းသွားပါတယ်။
ဒါဆို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပဲ ဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး။ သန်တုန်း၊ မြန်တုန်း နှစ်ဆယ့်သုံးလို့ မကြာခဏ ကြွေးကြော်တတ်ကြတဲ့ အသက် ၂၀ - ၃၀ အရွယ် လူငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ကွာသွားတာကတော့ ဖြစ်ရတဲ့အကြောင်းရင်းပါ။ လူငယ်ပိုင်းအရွယ်မှာ
- အချစ်ရေးကိစ္စ အဆင်မပြေတာ
- အလုပ်၊ ကျောင်းကိစ္စတွေပိပြီး ပင်ပန်းလွန်းတာ
- အချစ်ရေး အဆင်မပြေဖြစ်တာ
- လေ့ကျင့်ခန်းမလုပ်တာ
- အထိုင်များပြီး လှုပ်ရှားမှုနည်းတာ
- အဝလွန်တာ
- ဆေးလိပ်၊ အရက်အလွန်အကျွံသောက်တတ်တာ
- ဆီးချို၊ နှလုံးရောဂါ၊ အာရုံကြောအားနည်းတဲ့ ကျန်းမာရေးပြဿနာတွေရှိတာ
- ရောဂါအတွက် ဆေးပြင်းတွေ စွဲသောက်နေရတာ
- ကိုယ့်ရဲ့ လိင်အင်္ဂါ၊ အပြင်ပိုင်းသွင်ပြင်၊ လိင်စွမ်းဆောင်မှုအပေါ် အားမလိုအားမရဖြစ်တာ
- လိင်အင်္ဂါကို ထိခိုက်ဒဏ်ရာရခဲ့ဖူးတာ
- မကြာခဏ အိပ်ရေးပျက်တာ
- စိတ်ကျန်းမာရေးပြဿနာတွေ ရှိတာ
- ခွဲစိတ်ကုသမှုခံယူထားတာတွေကြောင့် ပန်းသေပန်းညှိုးပြဿနာကို ရောဂါမဟုတ်ဘဲ ရိုးရိုးပြဿနာအနေနဲ့သာ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ယောက်ျားလေးတွေ ဖွင့်မပြောတတ်ကြပေမဲ့ ဒီလို ပန်းသေပန်းညှိုးပြဿနာဟာ လူငယ်ယောက်ျားလေး (၁၀) ယောက်မှာ အနည်းဆုံး (၁) ယောက်လောက် ကြုံတွေ့ခံစားနေပြီး၊ တစ်ခါတလေ လိင်စွမ်းဆောင်ရည် အရမ်းကောင်းလွန်းလို့ မောင်းတံအမြဲထောင်နိုင်တဲ့ ပုရိသတွေကိုယ်တိုင်တောင် ဆက်ဆံကာနီးမှ လိင်တံညှိုးကျသွားတာမျိုး ဖြစ်တတ်ပါတယ်။
အကောင်းဆုံးကတော့ ပန်းသေပန်းညှိုး ပြဿနာရှိတယ်ဆိုရင်
လူငယ်ပိုင်းတွေမှာတော့
- အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။
- ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပါ။
- Gym ဆော့နိုင်ရင် ပိုကောင်းပေမယ့် ဝါသနာပါတဲ့ အားကစား၊ လေ့ကျင့်ခန်းတွေနဲ့လည်း အစားထိုးပေးနိုင်ပါတယ်။
- အစာအာဟာရ စုံလင်အောင် ဂရုစိုက်ပါ။
- စိတ်ဖိစီးမှုတွေ လျှော့ချပါ။
- ကိုယ့်ကိုယ်ကို အရှိအတိုင်း လက်ခံပြီး ချစ်တတ်ပါစေ။
- ကျန်းမာရေးစစ်ဆေးမှု အမြဲပြုလုပ်ပြီး ပြဿနာတစ်စုံတစ်ခု ရှိလာခဲ့ရင်လည်း စောစီးစွာ ကုသမှုခံယူပေးပါ။
လူကြီးပိုင်းတွေမှာတော့
- လေ့ကျင့်ခန်းကို အကြာကြီးမလုပ်နိုင်ရင်တောင် အနည်းဆုံး နာရီဝက်လောက် လုပ်ပေးပါ။
- အစာအာဟာရကို သေချာဂရုစိုက်ပါ။
- ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကျားဟော်မုန်းအစားထိုး ကုသနည်းတွေနဲ့ ကုသမှုခံယူပါ။
- ကျန်းမာရေးကို ဂရုစိုက်ပါ။
- တခြား လိင်အင်္ဂါနဲ့ ဆက်စပ်ပြဿနာတွေ ရှိနေလားဆိုတာ အမြဲတမ်း စစ်ဆေးပေးပါ။
ရဲမျိုးမြတ်