ရေယုန်အနာပေါက်ရင် ဘယ်လို ဂရုစိုက်ကုသမှု ပေးရမလဲ
ရေယုန်အနာအကြောင်း မပြောခင် ရေယုန်ပိုးအကြောင်း အရင် ရှင်းပြပေးချင်ပါတယ်။ ရေယုန်ဗိုင်းရပ်စ် (HSV) ဆိုတာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ၊ ရောဂါပိုးတွေထဲက တစ်မျိုးဖြစ်ပြီး
HSV – 1 = အကြောင်းအမျိုးမျိုးကြောင့် ကူးစက်ခံရပြီး ပါးစပ်မှာ ပိုအဖြစ်များတဲ့ ရေယုန်ဗိုင်းရပ်စ်
HSV – 2 = လိင်ဆက်ဆံရာမှ တစ်ဆင့် ပိုမိုကူးစက်နိုင်ပြီး လိင်အင်္ဂါမှာ ပိုအဖြစ်များတဲ့ ရေယုန်ဗိုင်းရပ်စ်ဆိုပြီး ၂ မျိုးခွဲထားပါတယ်။
ရေယုန်ပိုး ကူးစက်ခံရတာနဲ့ ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲမှာ အသက်သေဆုံးသည်အထိ ကျန်နေမှာဖြစ်ပြီး လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်း၊ ဆေးဝါးများ မထွက်ပေါ်သေးပါဘူး။ ရေယုန်ပိုးက ခန္ဓာကိုယ်ထဲ ရှိနေတဲ့အခါ အဓိကလက္ခဏာအနေနဲ့ ရေယုန်အနာတွေဟာ ပါးစပ်၊ လိင်အင်္ဂါနဲ့ စအိုဝမှာပတ်လည်မှာ ပေါက်နိုင်ပါတယ်။ ဒီအနာတွေက နှစ်အနည်းငယ်မှာ တစ်ကြိမ်စီ ပေါက်လာတတ်ပြီး ပထမဆုံးတစ်ကြိမ် ပေါက်တဲ့နေရာမှာပဲ အမြဲထပ်ကာတလဲလဲ ပေါက်နိုင်ပါတယ်။
ရေယုန်ကနေ အနာမဖြစ်ခင် အရေပြားဟာ ကသိကအောက်နဲ့ ယားယံမှုအနည်းငယ် ခံစားရနိုင်ပြီး ၁-၃ ရက်အတွင်းမှာ အရည်ကြည်ဖုတွေ စတင်ပေါက်လာပါတယ်။ ထိခိုက်မိတာ၊ ပွန်းပဲ့မိတာအပြင် ဘာမှမလုပ်ဘဲ သူ့အလိုလို ပေါက်သွားတတ်ပြီး အနာဖြစ်သွားနိုင်ပါတယ်။ အနာဖြစ်သွားရင်တော့ ပျောက်ကင်းသက်သာဖို့ ရက်သတ္တပတ်အနည်းငယ်ကနေ လပိုင်းလောက်အထိ ကြာနိုင်ပြီး အနာမဖြစ်သွားခဲ့ရင်တော့ ရက်အနည်းငယ်ကနေ တစ်ပတ်လောက်အထိ ပျောက်ကင်းသက်သာဖို့ အချိန်ကြာနိုင်ပါတယ်။
ပထမဦးဆုံး ရေယုန်အနာစဖြစ်တဲ့အခါ အရည်ကြည်ဖုပေါက်တာအပြင် တွဲဖက်လက္ခဏာအနေနဲ့
- အဖျားတက်တာ
- ခေါင်းကိုက်တာ
- ကြွက်သား နာကျင်ကိုက်ခဲတာ
- ပြန်ရည်ကြောအကျိတ်တွေ ရောင်နေတာ
- ဆီးသွားရင် နာကျင်မှုဝေဒနာ ခံစားရတာ
- မျက်လုံးထဲ ပိုးဝင်တဲ့ ပြဿနာတွေပါ ခံစားရနိုင်ပါတယ်။
ပထမဦးဆုံးအနာဟာ ယေဘုယျအားဖြင့် ပျောက်ဖို့ အချိန်ပိုကြာတတ်ပြီး နည်းနည်းလည်း ပိုပြင်းထန်နိုင်ပါတယ်။ နောက်ပိုင်းတွေမှာတော့ အနာက ပထမဆုံးအကြိမ်လောက် ပြင်းထန်တော့မှာမဟုတ်သလို ပျောက်တာလည်း ပိုမြန်သွားပါတယ်။
အကယ်လို့ အရည်ကြည်ဖုတွေ ပေါက်သွားလို့ ရေယုန်အနာဖြစ်လာတဲ့အခါ အမြန်ဆုံးသက်သာစေဖို့
၁။ အနာပတ်လည်ကို သန့်ရှင်းအောင် ဂရုစိုက်ပါ။
၂။ ရေချိုး၊ မျက်နှာသစ် ပုံမှန်လုပ်ပေးပါ။
၃။ အနာရှိတဲ့ အရေပြားပတ်လည်ကို ဖြည်းဖြည်းချင်းပဲ ဆပ်ပြာ၊ ရေနဲ့ ပွတ်တိုက်ဆေးကြောပါ။
၄။ အနာက အလွန်အမင်းစပ်နေတယ်ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးကို သောက်ပေးနိုင်ပါတယ်။
၅။ အနာကို ပလာစတာမကပ်ပါနဲ့။
၆။ ရေယုန်အနာအတွက် အရေပြားလိမ်းဆေးတွေကို နီးစပ်ရာဆေးပေးခန်းမှာ ရွေးဝယ်နိုင်သလို ဆရာဝန်ရဲ့ ဆေးညွှန်းအတိုင်းလည်း ဝယ်ယူနိုင်ပါတယ်။
၇။ ရေယုန်အနာအတွက် လိမ်းဆေးကို တစ်နေ့ ၂ ကြိမ်ပုံမှန်လိမ်းပေးပါ။
၈။ နှုတ်ခမ်းမှာ အနာပေါက်တဲ့အခါ အရေပြားပိုခြောက်နိုင်တဲ့အတွက် Lip Balm လိမ်းပေးပါ။
၉။ ရေများများသောက်ပေးပါ။
၁၀။ စိတ်ဖိစီးမှုကို လျှော့ချပါ။
၁၁။ အနာကို မကုတ်ပါနဲ့၊ မဖဲ့ပါနဲ့။
၁၂။ နှုတ်ခမ်းပေါ်က ရေယုန်အနာအတွက် အစာစားပြီးတဲ့အခါ ဆီ၊ ဟင်းအနှစ်တွေ မပေကျန်နေအောင် သေချာရေဆေးပြီး သန့်ရှင်းပေးပါ။
၁၃။ ပေါင်ခြံ၊ လိင်အင်္ဂါမှာ ရေယုန်အနာပေါက်တဲ့အခါ အတွင်းခံအကြပ်တွေအစား ချည်သားအတွင်းခံတွေ၊ ပုဆိုးလောက်ပဲ ဝတ်ပေးပါ။
ရဲမျိုးမြတ်