လိင်တံကင်ဆာကြောင့် အသက်သေဆုံးနိုင်လား
လိင်တံကင်ဆာဆိုတဲ့ အမျိုးသားတွေမှာသာ ဖြစ်နိုင်တဲ့ ကင်ဆာအမျိုးအစားတစ်ခုဖြစ်ပြီး ဖြစ်နိုင်ခြေနည်းပေမယ့် ဖြစ်လာခဲ့လို့ ကုသမှုမခံယူဘူးဆိုရင်လည်း အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီတော့ လိင်တံကင်ဆာအကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။
လိင်တံအရေပြားနဲ့ လိင်တံအတွင်း တစ်ရှူးတွေမှာ ကင်ဆာဆဲလ်တွေ ပွားများလာပြီး ဖြစ်လာတဲ့အခါ လိင်တံကင်ဆာ ဖြစ်လာပါတယ်။ ပုံမှန်ကင်ဆာရောဂါတွေလိုပဲ ကင်ဆာဆဲလ်တွေဟာ တခြားကိုယ်တွင်းအစိတ်အပိုင်းတွေ၊ ဂလန်းတွေနဲ့ ပြန်ရည်ကြောအကျိတ်တွေအထိပါ ပြန့်သွားနိုင်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့ အစပိုင်းမှာ လိင်တံပေါ်မှာ အနာကွက်ပေါက်သလို၊ အဖုအလုံးအကျိတ်တွေ ဖြစ်နေတာကို မျက်စိနဲ့ အလွယ်တကူ မြင်နိုင်ပြီး လိင်တံထိပ်ခေါင်း ဒါမှမဟုတ် ထိပ်အရေပြားပေါ်မှာ ပိုဖြစ်တတ်ပါတယ်။
တခြားလက္ခဏာတွေအနေနဲ့
- ယားယံခြင်း
- ပူစပ်ပူလောင်ဖြစ်ခြင်း
- ပုံမှန်မဟုတ်တဲ့ အရည်များ လိင်တံထိပ်မှ စိမ့်ထွက်ခြင်း
- လိင်တံအရောင်ပြောင်းသွားခြင်း
- သွေးထွက်ခြင်း
- လိင်တံနီရဲခြင်း
- ပေါင်ခြံတစ်ဝိုက် ပြန်ရည်ကြောအကျိတ်များ ရောင်နေခြင်း
- လိင်တံအရေပြား ထူလာခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
အဓိက အတွေ့များတဲ့ လက္ခဏာတွေကတော့ လိင်တံထိပ်ပေါ်မှာ အဖုအလုံး၊ အကျိတ်၊ အရောင်ပြောင်းတာတွေပဲ ဖြစ်ပြီး ဒီလက္ခဏာတွေ တွေ့ရရင်တော့ ဆရာဝန်နဲ့ ပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။
အဖြစ်များတာကတော့ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အဖြူရောင်အဖတ်ဆဲလ်သေများ (Smegma) နဲ့ လိင်တံထိပ်အရေပြား ရောင်ပြီး နောက်လှန်ဆွဲမရခြင်း (Phimosis) တွေလိုမျိုး လိင်တံဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ပိုအဖြစ်များပါတယ်။
တခြားဖြစ်နိုင်ခြေများတဲ့ အခြေအနေတွေကတော့
- အသက် (၆၀) နဲ့အထက် ဖြစ်ခြင်း
- ဆေးလိပ်သောက်ခြင်း
- ထိပ်အရေပြားအောက်ကို သေချာသန့်ရှင်းရေးမလုပ်ခြင်း
- မသန့်ရှင်းတဲ့ ချိုးရေတွေကို အသုံးပြုရခြင်း
- HPV ဗိုင်းရပ်စ် ကူးစက်ခံထားခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
လိင်တံကင်ဆာရှိမရှိ ဆရာဝန်အနေနဲ့ စစ်ဆေးတဲ့အခါ
- လိင်တံတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်အလုံးများ ရှိနေလားဆိုတာကို ကြည့်ရှုကိုင်တွယ်ပြီး စစ်ဆေးခြင်း
- လိင်တံအရေပြားနမူနာ ဒါမှမဟုတ် တစ်ရှူးနမူနာ ယူပြီး ဓာတ်ခွဲစစ်ဆေးခြင်း
- အတွင်းတစ်ရှူးတွေထိ ပြန့်သွားခြင်းရှိမရှိ MRI ဖြင့် စစ်ဆေးခြင်း
- CT Scan ဖတ်ခြင်း
- ရေဒီယိုသတ္တိကြွ ဂလူးကို့စ်ပမာဏကို အနည်းငယ်ထိုးသွင်းပြီး ကင်ဆာအကျိတ်ဆဲလ်များကို စစ်ဆေးခြင်း (PET Scan)
- လိင်တံအပေါက်မှ ပြွန်ငယ်ထိုးသွင်းပြီး ဆီးအိမ်ကို စစ်ဆေးခြင်း
- အာထရာဆောင်းရိုက်ခြင်း စတာတွေနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်။
လိင်တံကင်ဆာမှာ အဆင့် (၄) ဆင့်ရှိပြီး စောစီးစွာ ရောဂါသိရှိမယ်ဆိုရင် ကုသလို့လည်း လွယ်ကူပြီး ရောဂါသက်သာပျောက်ကင်းနိုင်ခြေ အရမ်းများပါတယ်။ အထူးသဖြင့် လိင်တံကင်ဆာဟာ အဆင့် (၄) ရောက်မှပဲ ဆီးခုံရိုး၊ ဆီးကျိတ်၊ ကပ္ပါယ်အိတ်နဲ့ တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ပြန့်သွားမှာဖြစ်ပြီး အဆင့် (၃) အထိတော့ တခြားကိုယ်တွင်းအင်္ဂါတွေကို ပြန့်သွားတာမျိုး မရှိပါဘူး။
ရောဂါကို ကုသဖို့အတွက်
- လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားခြင်း
- လေဆာကုထုံးဖြင့် ကင်ဆာအကျိတ်ဆဲလ်များကို ဖျက်ဆီးခြင်း
- ကီမိုကင်ဆာကုထုံးဖြင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ခြင်း
- ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာအောင် ဇီဝကုထုံးဖြင့် ကုသပေးခြင်း
- ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကင်ဆာဆဲလ်များကို ကျုံ့သွားစေခြင်း
- နိုက်ထရိုဂျင်အရည်ဖြင့် အကျိတ်များကို အေးခဲစေပြီး ဖယ်ရှားပေးခြင်း နည်းလမ်းတွေကို အသုံးပြုတတ်ကြပါတယ်
အကယ်လို့ ကိုယ့်မှာအပေါ်မှာ ပြောထားခဲ့တဲ့ လက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးတာ ဒါမှမဟုတ် အမျိုးသားရောဂါကုဆရာဝန်နဲ့ ပြသပြီး ရောဂါစစ်ကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်