ကြောက်စရာကောင်းလှတဲ့ မီးဖိုချောင်ထဲက Carbon Monoxide အဆိပ်ငွေ့များ
ကာဗွန်မိုနော့ဆိုဒ် (Carbon Monoxide) ဆိုတာ အရောင်အဆင်းနဲ့ အနံအရသာ မရှိတဲ့ ဓာတ်ငွေ့ဖြစ်ပြီး ရှူမိရင် အန္တရာယ်ရှိတဲ့ အဆိပ်ဓာတ်ငွေ့တစ်မျိုးပါ။ သစ်သား၊ ဆီနဲ့ မီးသွေး စတာတွေ မီးရှို့တဲ့အခါနဲ့ Gas မီးဖိုတွေ သုံးတဲ့အခါ ကာဗွန်မိုနော့ဆိုဒ်တွေ ထွက်လာလေ့ရှိပါတယ်။
အခုလို ထင်းမီးဖို၊ မီးသွေးမီးဖိုနဲ့ Gas မီးဖိုတွေ သုံးနေရတဲ့အခါ၊ ဆောင်းရာသီမို့ အမှိုက်မီးရှို့ရင်း မီးလှုံကြတဲ့အခါ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့တွေ အနည်းနဲ့အများ ရှူမိကြပါတယ်။ မီးလောင်တဲ့ အိမ်ထဲ၊ အဆောက်အဦးထဲ ပိတ်မိသေဆုံးရတာတွေဟာ မီးလောင်ကျွမ်းတာအပြင် ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ အဆိပ်သင့်လို့လည်း ဖြစ်ပါတယ်။
လေထုထဲမှာ ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့တွေ များလာတဲ့အခါ သွေးကြောထဲက အောက်ဆီဂျင်တွေကို ကာဗွန်မိုနော့ဆိုဒ်တွေနဲ့ အစားထိုးလိုက်တဲ့အတွက် တစ်ရှူးတွေ၊ ဆဲလ်တွေ ပျက်ဆီးသေဆုံးစေပါတယ်။
- ခေါင်းအုံပြီးကိုက်တာ၊ မူးတာ
- အားနည်းတာ
- ပျို့အန်တာ
- အမြင်ဝါးတာ
- အသက်ရှူရခက်တာ
- သတိလစ်တာတွေဟာ ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်တဲ့ လက္ခဏာတွေ ဖြစ်ပြီး အထူးသဖြင့် အိပ်ပျော်နေတဲ့အချိန်၊ အရက်သောက်ထားတဲ့အချိန်မျိုးမှာ ဘယ်သူမှသတိမထားမိခင် ဦးနှောက်ပျက်စီးပြီး အသက်သေဆုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်း…
အထက်မှာ ပြောခဲ့သလို ထင်း၊ မီးသွေးမီးဖိုတွေ၊ မီးရှို့တာတွေ၊ gas မီးဖိုနဲ့ gas ဘွိုင်လာတွေ၊ အင်ဂျင်အသုံးပြုရတဲ့စက်တွေ (ဥပမာ…မီးစက်၊ ရေစက်၊ ကားဓာတ်ငွေ့၊ ဆိုင်ကယ်ဓာတ်ငွေ့ စသည်)၊ ခြင်ဆေးခွေ၊ အမွှေးတိုင်ထွန်းတာတွေ အားလုံးဟာ ကာဗွန်မိုနော့ဆိုဒ် ဓာတ်ငွေ့ထွက်စေတဲ့ အရာတွေပါ။ ထိုအရာတွေကို အလုံပိတ်အဆောက်အဦး၊ အလုံပိတ်အခန်းထဲမှာ လုပ်ရင် ဓာတ်ငွေ့တွေ ပိတ်မိတဲ့ ပမာဏများသလို၊ ရှူမိတဲ့ ပမာဏလည်း များလို့ အသက်အန္တရာယ် ရှိနိုင်ပါတယ်။
Aircon ဖွင့်ထားတဲ့အခန်းမှာ မီးစက်မောင်းထားပြီး လဲကျသေဆုံးနေတာတို့၊ ခြင်ဆေးခွေထွန်းမိလို့ သေတဲ့သူသေ၊ ဆေးရုံရောက်တဲ့သူ ရောက်တာတို့ဟာ ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်တာပါ။
ကုသမှု…
ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်ရင် နီးစပ်ရာဆေးရုံးဆေးခန်းကို အမြန်ဆုံးသွားရပါမယ်။ သွေးထဲက ကာဗွန်မိုနော့ဆိုဒ်တွေကို ဖယ်ရှားဖို့ အောက်ဆီဂျင်ရှူဖို့ လိုအပ်ပါတယ်။
ဘယ်လို ကာကွယ်ရမလဲ?
- အိမ်ထဲမှာ ဘာဘီကျူးကင်တာ၊ အလုံပိတ်ထားပြီး မီးဖိုတာ၊ ဂိုဒေါင်ထဲမှာ စက်မောင်းတာတွေ မလုပ်ပါနဲ့။
- အိမ်ထဲမှာ ကာဗွန်မိုနော့ဆိုဒ် အချက်ပေးစနစ် တပ်ဆင်ပါ။
- ထမင်း၊ ဟင်းချက်သည့်နေရာကို လေဝင်လေထွက် ကောင်းအောင်လုပ်ပါ။
- မီးခိုးခေါင်းတိုင်ရှိရင် ပုံမှန် သန့်ရှင်းရေးလုပ်ပါ။
- Gas မီးဖိုနဲ့ ဘွိုင်လာတွေကို Service မှန်မှန်လုပ်ပါ။
ကာဗွန်မိုနော့ဆိုဒ်ဓာတ်ငွေ့ ထွက်နိုင်တဲ့အကြောင်းတွေက ပတ်ဝန်းကျင်မှာ အမြဲတမ်း ရှိနေမှာပါပဲ။ ဓာတ်ငွေ့ရှူမိတာနည်းအောင် လုပ်ခြင်းဖြင့် ကာဗွန်မိုနော့ဆိုဒ် အဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှရည်