Keto Diet ဆိုတာ ဘာလဲ
ကိုယ်အလေးချိန်ချတဲ့သူတွေ၊ ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်လာသူတွေကြားမှာ Keto Diet ဆိုတာ ခေတ်စားလာပါတယ်။
Keto Diet ၊ Keto Diet နဲ့ ကြားဖူးနေပေမယ့် keto diet ဆိုတာ ဘာလဲ မသိသေးတဲ့သူတွေ၊ Keto Diet ဆိုတာကြီးက တကယ်ရော ကောင်းရဲ့လား၊ ဘာတွေ ကောင်းတာလဲ သိချင်တဲ့သူတွေ အတွက် အခုပြောပြပေးမှာပါ။
Keto Diet ဆိုတာ…
Keto Diet ကို လွယ်လွယ်ပြောရရင် Carb လို့ ခေါ်တဲ့ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) လျှော့စားတာပါပဲ။ Carb လျှော့ပြီး ပရိုတင်းများများနဲ့ Fat လို့ ခေါ်တဲ့ အဆီကို စားတဲ့ပုံစံပါ။
Carb လျှော့စားတဲ့အခါ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ အဆီပိုတွေကို စွမ်းအင်အဖြစ် အသုံးပြုဖို့ လောင်ကျွမ်းစေတဲ့အခါ Ketosis လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်စဥ် ဖြစ်လာပါတယ်။ Ketosis အဆင့်မှာ အသည်းဟာ အဆီတွေကို Ketones လို့ခေါ်တဲ့ သေးငယ်တဲ့ မော်လီကျူးလေးတွေ အဖြစ်ပြောင်းလဲပေးပြီး ၄င်းတို့ကို ဦးနှောက်နဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေက စွမ်းအင်အဖြစ် အသုံးပြုတာပါ။
ဘာတွေကောင်းလဲ?
- အဆီတွေ လောင်ကျွမ်းစေတဲ့အတွက် ကိုယ်အလေးချိန်ထိန်းနိုင်မှာ ဖြစ်သလို အဆီပိုတွေလည်း ကင်းစင်စေပါတယ်။
- အသည်းအဆီးဖုံးတာကို သက်သာစေပါတယ်။
- ဆီးချိုရောဂါမှာ သွေးတွင်း သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။
- သွေးဖိအားကို ကျစေလို့ သွေးပေါင်ချိန် ပုံမှန်ထိန်းညှိပေးပါတယ်။
- သွေးတွင်းအဆီတွေကို လျော့နည်းစေပါတယ်/
ဒါတွေအပြင် Polycystic Ovary Syndrome (PCOS) လို့ ခေါ်တဲ့ သားဥပြွန်အရည်အိတ်တည်တာ၊ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်တဲ့ IBS ရောဂါ၊ အတက်ရောဂါနဲ့ ဝက်ခြံတွေ သက်သာစေသလို စိတ်ရွှင်လန်းစေပါတယ်။
ဘယ်လို လူတွေက သတိထားရမလဲ?
Keto Diet က ကောင်းတယ်ဆိုပေမယ့်
- သွေးတိုးရောဂါရှိလို့ သွေးကျဆေးသောက်နေရသူတွေ
- ဆီးချိုရောဂါရှိလို့ ဆေးထိုးနေ၊ သောက်နေရသူတွေက Keto Diet စားသင့်မစားသင့် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ Keto Diet စားနေချိန်မှာလည်း ဆေးလျှော့ဖို့၊ ရပ်ဖို့ လိုမလိုအတွက် ပုံမှန်ပြသနေဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ဆေးနဲ့ Diet ရဲ့ အာနိသင်ကြောင့် သွေးတွင်းသကြားဓာတ် ပုံမှန်ထက်ကျသွားတာ၊ သွေးပေါင်ကျသွားတာတွေ ဖြစ်နိုင်ပါတယ်။
ဘာတွေစားရမလဲ?
ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်တွေ၊ အရွက်သုပ်၊ သံလွင်ဆီ စတာတွေ များများစားပေးရပါမယ်။ အာလူးနဲ့ ပိန်းဥလို ကစီဓာတ်များတာတွေတော့ ရှောင်သင့်ပါတယ်။ နွားနို့နဲ့ ဒိန်ချဥ်စားလို့ရပေမယ့် အလွန်အကျွံစားရင် carb တက်နိုင်ပါတယ်။
ဘာတွေ ရှောင်ရမလဲ?
ထမင်း၊ ဂျုံ၊ ပေါင်မုန့်၊ ပါစတာ၊ ကိတ်မုန့်၊ ဘီစကစ်၊ ကွက်ကီး၊ ဖျော်ရည်တွေ ရှောင်ရပါမယ်။ သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ထားတဲ့ အစားအစာတွေ၊ သကြားနဲ့ လုပ်ထားတဲ့ အစားအစာတွေ ရှောင်ရမှာပါ။ တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၂၀ ဂရမ်လောက်ပဲ စားပြီး ပရိုတင်းကို ၇၀ ဂရမ်လောက် စားသင့်ပါတယ်။
အသားများများမစားသင့်တဲ့ ကျောက်ကပ်ရောဂါရှင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ keto diet မစားသင့်ပါဘူး။
ဆိုးကျိုးရှိသလား?
စစားစားချင်း ရက်တွေမှာ
- မောသလိုနုံးသလိုဖြစ်တာ
- ခေါင်းမူးခေါင်းကိုက်တာ
- ထိုင်းမှိုင်းနေတာ
- စိတ်မကြည်တာ
- ကြွက်တက်တာ စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ခြုံပြောရရင် Keto Diet က ဆိုးကျိုးထက် ကောင်းကျိုး ပိုများတဲ့ အစားအသောက်ပုံစံ တစ်ခုပါ။ ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်တယ်၊ စားနိုင်မယ်လို့လည်း ယုံကြည်တယ်ဆိုရင်တော့ ကြိုးစားကြည့်သင့်တဲ့ Diet တစ်မျိုးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်