လူကီးမီးယား လို့ခေါ်တဲ့ သွေးဖြူဆဲလ်ကင်ဆာ
ကိုရီးယားကားတွေ ကြည့်တဲ့အခါ ဖြူဖပ်ဖြူလျော်နဲ့ လူကီးမီးယား(Leukaemia) သွေးကင်ဆာရောဂါကို ခံစားနေရတဲ့ မင်းသမီးလေးတွေကို ကြည့်ပြီး သနားဖူးကြတယ် မဟုတ်လား။ အခုအဲဒီ လူကီးမီးယား အကြောင်းလေးကို ပြောပြမယ်နော်။
လူရဲ့သွေးထဲမှာ သွေးနီဥ (Red Blood Cells)၊ သွေးဖြူဥ (White Blood Cells) နဲ့ သွေးဥမွှား (Platelets) ဆိုပြီး ၃ မျိုးရှိကာ ၄င်းတို့ကို ရိုးတွင်းခြင်ဆီကနေ ထုတ်လုပ်ပေးပါတယ်။ လူကီးမီးယားဆိုတာ သွေးဖြူဥတွေကို ပုံမှန်အတိုင်းမထုတ်လုပ်နိုင်တော့တဲ့အတွက် အရေအတွက် အရမ်းများတာ၊ အရမ်းနည်းတာ၊ ရှိတဲ့သွေးဖြူဥတွေက ပုံမှန်လုပ်ငန်းတာဝန်တွေ မလုပ်နိုင်တော့တာကြောင့် ဖြစ်တဲ့ ကင်ဆာရောဂါပါ။
သွေးဖြူဆဲလ်အမျိုးမျိုးရှိတဲ့အတွက် ဖြစ်တဲ့သွေးဖြူဆဲလ် အမျိုးအစားရယ်၊ ဘယ်လိုဖြစ်သလဲဆိုတာ (ဥပမာ…နာတာရှည်လား၊ ပြင်းထန်လား) ပေါ်မူတည်ပြီး
- Acute Lymphoblastic Leukaemia (ALL)
- Acute Myeloid Leukaemia (AML)
- Acute Promyelocytic Leukaemia (APL)
- Chronic Lymphocytic Leukaemia (CLL)
- Chronic Myeloid Leukaemia (CML)
- Childhood Leukaemia စသဖြင့် အမျိုးအစားတွေ ထပ်ခွဲလို့ ရပါသေးတယ်။
ဘာကြောင့်ဖြစ်တာလဲ?
ဘာကြောင့်ဖြစ်တာလဲ အတိအကျပြောလို့ မရသေးပေမယ့်
- မျိုးရိုးဗီဇ (ဥပမာ…Down's Syndrome ရှိရင်)
- ရေဒီယိုသတ္တုကြွပစ္စည်းတွေ၊ Radiation ရောင်ခြည်တွေ၊ တချို့ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတာ
- မိဘမျိုးရိုးထဲမှာ သွေးကင်ဆာ ရှိတာ စတဲ့အချက်တွေနဲ့ ဆက်စပ်နေတတ်ပါတယ်။
ဘယ်လိုသိနိုင်မလဲ?
အမျိုးအစားတွေအလိုက် သီးသန့်စစ်ဆေးရမှာတွေ ရှိပေမယ့် ရိုးတွင်းခြင်ဆီဖောက်စစ်တာ၊ Scan နဲ့ Mmmunophenotyping တွေကနေတဆင့် လူကီးမီးယားမှန်း သိနိုင်ပါတယ်။
ယေဘုယျအားဖြင့် တွေ့ရတဲ့ရောဂါလက္ခဏာတွေက…
- မောပန်းနွမ်းနယ်နေတတ်ပြီး အနားယူလည်း မသက်သာတာ
- ထိခိုက်ရင် သွေးခြေဥလွယ်၊ သွေးထွက်လွယ်တာ
- အဖျားကြီးပြီး ရောဂါပိုးခဏခဏဝင်တာ
- အကြောင်းပြချက်မရှိ ကိုယ်အလေးချိန်ကျလာတာ
- လည်ပင်း၊ ချိုင်းကြားနဲ့ ပေါင်ခြံက ပြန်ရည်ဂလင်းတွေ ရောင်တာတွေ ဖြစ်တတ်ပါတယ်။
ကုသမှု…
အမျိုးအစားအလိုက် သီးသန့်ကုသမှုတွေ ရှိပေမယ့် ယေဘုယျအားဖြင့် အောက်ပါအချက်တွေနဲ့ ကုသလေ့ရှိပါတယ်။
(1) စောင့်ကြည့်တာ…ရောဂါဖြစ်ပွားနှုန်းနှေးတဲ့ အမျိုးအစားတွေမှာ ချက်ချင်းကြီး ကုသမှု မလိုအပ်သေးတာမျိုး ရှိတဲ့အခါ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ပြီးမှ လိုအပ်တဲ့ ကုသမှုတွေ ပေးလေ့ရှိပါတယ်။
(2) Chemotherapy ကင်ဆာဆေးကုသမှုက သွေးပြန်ကြောထဲ သို့မဟုတ် အရေပြားအောက် ဆေးထိုးခြင်း၊ သောက်ဆေးသောက်ခြင်းဖြင့် ကင်ဆာဆဲလ်တွေကို သတ်တာ၊ ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် တားဆီးတာ လုပ်ပေးပါတယ်။
(3) Targeted Therapy သို့မဟုတ် Immunotherapy ကတော့ ကင်ဆာဆဲလ်တွေမှာရှိတဲ့ ပရိုတင်းနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေကို ကုသပေးတာပါ။
(4) Stem Cells အစားထိုးကုသမှု…Stem Cells ဆိုတာ သွေးဆဲလ်တွေ စဖြစ်ဖြစ်ချင်း အဆင့်ကို ခေါ်တာပါ။ Chemotherapy ပေးပြီး ကင်ဆာဆဲလ်တွေကို သတ်ပြီးတဲ့အခါ ကောင်းမွန်တဲ့ Stem Ccells တွေနဲ့ အစားထိုးကုသတာပါ။
ရောဂါအခြေအနေ၊ လူနာရဲ့ ကျန်းမာရေးအခံနဲ့ ကုသမှုကို ကောင်းစွာတုံ့ပြန်မှု ရှိမရှိပေါ်မူတည်ပြီး အသက်ရှင်သန်နှုန်း ကွဲပြားသွားနိုင်ပါတယ်။
လူကီးမီးယားက သွေးမှာဖြစ်တဲ့ ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး တခြားကင်ဆာရောဂါတွေလိုပဲ စိုးရိမ်ရတဲ့ ရောဂါတစ်ခုပါ။ ဖြစ်လာရင် စောစီးစွာ ကုသမှုခံယူမှသာ အသက်ရှင်သန်နှုန်း ပိုများနိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်