နားစည် ဘာကြောင့်ပေါက်တာလဲ
Tympanic membrane လို့ ခေါ်တဲ့ နားစည်ဟာ ပါးလွှာပြီး ကတော့ပုံသဏ္ဍာန်ရှိတဲ့ အမြှေးပါးလေးဖြစ်ပြီး နားရဲ့ အပြင်ပိုင်းနဲ့ အလယ်ပိုင်းကို ခြားထားပါတယ်။ နားစည်ဟာ လေထဲက လာတဲ့အသံတွေကို နားအလယ်ပိုင်းက ossicles အရိုးလေးတွေဆီပို့ဆောင်ပေးတဲ့ တာဝန်ကို လုပ်ဆောင်ပါတယ်။
နားစည်မှာ အကြောင်းကြောင်းကြောင့် အပေါက်ဖြစ်သွားတာကို နားစည်ပေါက်တယ်လို့ ခေါ်တာပါ။
- နားထဲပိုးဝင်တာ
- အရိုက်ခံရတာ သို့မဟုတ် နားကျပ်ရင်း၊ နားကလော်ရင်း ထိုးမိတာ
- ဒိုင်ဗင်ထိုးစဥ်၊ လေယာဥ်ပျံတက်စဥ် လေဖိအား ရုတ်တရက်ပြောင်းလဲတာ
- ရုတ်တရက် ပေါက်ကွဲသံလို အသံအကျယ်ကြီးတွေ ကြားရတာတွေကြောင့် နားစည်ပေါက်နိုင်ပါတယ်။
နားစည်ပေါက်တဲ့အခါ…
- ရုတ်တရက် နားမကြားရတာ သို့မဟုတ် ကြားရတာတွေက ဝါးနေ၊ ဗလုံးဗထွေး ဖြစ်နေတာ
- နားကိုက်နေ၊ နာနေတာ
- နားထဲက ယားနေတာ
- နားထဲက အရည် သို့မဟုတ် ပြည်ထွက်နေတာ
- နားအူနေတာ
- အဖျားတက်တာ စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
ကုသမှု…
နားစည်ပေါက်တိုင်း ကုသမှုခံယူဖို့ လိုအပ်တာတော့ မဟုတ်ပါဘူး။ အပေါက်သေးသေးတွေက ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ သူ့အလိုလို အနာကျက်ပြီး ပြန်ပိတ်သွားနိုင်ပါတယ်။
- နားထဲကို နားကျပ်တံထည့်တာ၊ နားကလော်တာ မလုပ်ပါနဲ့။
- ဆရာဝန်မညွှန်ကြားဘဲ နားထဲကို ဆေးမထည့်ပါနဲ့။
- နားထဲ ရေမဝင်ပါစေနဲ့။ ရေချိုးတဲ့အခါ ဂရုစိုက်ပါ။ ရေမကူးပါနဲ့။
- နှာခေါင်းမှုတ်တာ၊ နှပ်ညစ်တာ အရှိန်ပြင်းပြင်း မလုပ်ပါနဲ့ (နားစည်ပိုပေါက်နိုင်ပါတယ်)။
- လိုအပ်ရင် အနာသက်သာဖို့ အကိုက်အခဲပျောက်ဆေး ပါရာစီတမော၊ Ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။
- ဖလန်နယ်လို နူးညံတဲ့ အဝတ်စလေးကို ရေနွေးစွတ်ရေညှစ်ပြီး နားပေါ်အသာအယာအုပ်ထားတာက အနာသက်သာဖို့ အထောက်အကူ ပေးမှာပါ။
မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဆရာဝန်က ပိုးသတ်ဆေးပေးတာ၊ ခွဲစိတ်ခန်းထဲမှာ မေ့ဆေးပေးပြီး နားစည်ကို ပြန်ဖာတာမျိုးတွေ လိုအပ်သလို လုပ်ပါလိမ့်မယ်။
နားစည်ပေါက်တာဟာ အသက်အန္တရာယ်ရှိတဲ့ ရောဂါကြီးတော့ မဟုတ်ပေမယ့် ပေါ့ဆရင် အကြားအာရုံ ဆုံးရှုံးနိုင်တဲ့အရာပါ။ ဒါကြောင့် နားစည်မပေါက်ရအောင် ဂရုစိုက်ရမှာ ဖြစ်သလို နားစည်ပေါက်တဲ့ လက္ခဏာတွေ ရှိလာရင်လည်း မပေါ့ဆသင့်ပါဘူးနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်