အမျိုးသားတွေမှာ လိုတာထက်ပိုပြီး ကျားဟော်မုန်းများနေတဲ့အခါ
Testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ ကျား၊ မ နှစ်ဦးလုံးမှာရှိပြီး ယောက်ျားလေးတွေမှာတော့ ပိုများပါတယ်။ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒ၊ အရိုးနဲ့ ကြွက်သားသိပ်သည်းဆတွေကို တက်စေဖို့၊ သုက်ပိုးထုတ်လုပ်နှုန်း မြန်စေဖို့ ကူညီပေးပါတယ်။
အမျိုးသားတွေမှာ ဆယ်ကျော်သက်အရွယ် လူပျိုဖြစ်စအချိန်မှာ ကျားဟော်မုန်း ထုတ်လုပ်မှုအလွန်များလာတဲ့အတွက် ကိုယ်ခန္ဓာ၊ လိင်အင်္ဂါဖွံ့ဖြိုးမှုတွေ လျင်မြန်စွာ ဖြစ်လာပါတယ်။
အမျိုးသားတွေဟာ အသက် ၃၀ အရွယ်မှာ စတင်ပြီး ခန္ဓာကိုယ်က ကျားဟော်မုန်းထုတ်လုပ်မှု အားလျော့လာတတ်ပါတယ်။ ဒီလိုမျိုး အားနည်းလာရင် ကျန်းမာရေးပြဿနာတွေ ကြုံရတတ်တာမို့ တစ်ချို့တွေက ကျားဟော်မုန်း များအောင် ဆေးသောက်တာတွေ၊ ဓာတ်စာမှီဝဲတာတွေ ပြုလုပ်တတ်ကြပါတယ်။ များသောအားဖြင့် ကျားဟော်မုန်း ထုတ်လုပ်နိုင်စွမ်း နည်းပါးလာရင်
- ကြွက်သားတွေ လျော့နည်းလာတာ
- ကြွက်သားနေရာမှာ အဆီတွေ အစားထိုးလာတာ
- လိင်စိတ်ဆန္ဒ လျော့နည်းလာတာ
- လိင်စွမ်းဆောင်ရည် ကျဆင်းတာ
- အရိုးအားနည်းလာတာ
- စိတ်ဖိစီးမှုဒဏ်ကို ပိုခံရတာတွေ ဖြစ်တတ်တာကြောင့်ပါ။
တန်ဆေး လွန်ဘေးဆိုသလိုပဲ ကျားဟော်မုန်းဆိုတဲ့အမျိုးက နည်းတိုင်းလည်း မကောင်းသလို ရှိသင့်တဲ့ပမာဏထက် ကျော်လွန်များပြားနေပြန်ရင်လည်း ဘေးထွက်ဆိုးကျိုးတွေရှိနေတာကို အမျိုးသားတိုင်း သိထားဖို့ လိုအပ်ပါတယ်။ ကျားဟော်မုန်း မြင့်မားနေတဲ့ အမျိုးသားတွေမှာ ဆိုရင်လည်း
- ဝက်ခြံအလွန်အကျွံပေါက်တာ
- ကြမ်းတမ်းပြီး ဒေါသအလွန်အကျွံကြီးတတ်တာ
- အမွေးကြမ်းတွေ ပေါက်တာ
- ခေါင်းမကြာခဏ ကိုက်တတ်တာ
- နှလုံး သို့မဟုတ် အသည်းပြဿနာတွေ ကြုံရတာ
- သွေးတိုးလေ့ရှိတာ
- လိင်စိတ်လွန်ကဲတာ
- အစား အလွန်အကျွံစားတာ
- မြုံသွားတာ၊ မျိုးမအောင်တာ
- ညအိပ်မပျော်ရောဂါ ဖြစ်နိုင်ခြေ ပိုများလာတာ
- သုက်ပိုးကောင်ရေ နည်းလာတာ
- စိတ်အပြောင်းအလဲမြန်တာ
- ဆီးကျိတ်ကြီးလာတာ
- ခြေထောက်ဖောရောင်လာတာ
- ရုတ်တရက် ကိုယ်အလေးချိန်တက်တာတွေ ဖြစ်လေ့ရှိပါတယ်။
ပုံမှန်အားဖြင့်တော့ ကျန်းမာရေးကောင်းပြီး သန်စွမ်းတဲ့ အမျိုးသားတွေမှာတောင် ကျားဟော်မုန်းထုတ်လုပ်နှုန်းဟာ သတ်မှတ်ပမာဏကို ကျော်လွန်သွားတာမျိုး မရှိပါဘူး။
ဒါပေမယ့် အမျိုးသားတွေက သူတို့ရဲ့ကျားဟော်မုန်းထုတ်လုပ်မှုကို နည်းနေတယ်လို့ အမြဲတမ်းတွေးနေတတ်ကြပြီး ဟော်မုန်းဆေးသောက်တာတွေ ဆေးထိုးတာတွေ လုပ်တတ်ကြပါတယ်။ ဒီလိုနဲ့ ကျားဟော်မုန်း လွန်ကဲတာတွေ ဖြစ်လာတတ်ပါတယ်။
များသောအားဖြင့် စတီးရွိုက်ဆေးသုံးနေတဲ့ အားကစားသမားတွေနဲ့ Gym ဆော့သူတွေ၊ ကျားဟော်မုန်းအားတိုးဆေး သောက်နေသူများ၊ ဝှေးစေ့မှာ အကျိတ်ဖြစ်နေသူများမှာ ကျားဟော်မုန်းက ပုံမှန်ထက် ပိုများနေတတ်တာကိုလည်း သိထားဖို့ လိုအပ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေထဲက အချက်တစ်ချိုကို ခံစားကြုံတွေ့နေရတယ်ဆိုရင် အမျိုးသားရောဂါကုဆရာဝန်နဲ့ သေချာပြသပြီး ကျားဟော်မုန်းပမာဏကို စစ်ဆေးကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်