ကင်ဆာနဲ့အတူနေထိုင်ခြင်း
ယခုခေတ်ကာလမှာ ခေါင်းအစခြေအဆုံး ကင်ဆာရောဂါအမျိုးပေါင်းများစွာ ဖြစ်နေကြပါတယ်။ ကင်ဆာဆိုတာနဲ့ သေမိန့်ကျထားသလို သေချာပေါက်သေတော့မှာ ဆိုပြီး စိတ်အားငယ်စိတ်ဓာတ်ကျနေရင် ရောဂါပြန့်ပွားနှုန်း ပိုမြန်လာမှာပါ။
ကင်ဆာဖြစ်တာနဲ့ သေချာပေါက်သေမှာ မဟုတ်ပါဘူး။ ခွဲစိတ်ကုသဖယ်ရှားနိုင်တာ၊ ကင်ဆာဆေးသွင်းမှု ခံယူတာ၊ ဓာတ်ရောင်ခြည်ကင်တာတွေကြောင့် ကင်ဆာရောဂါ ပျောက်ကင်းသက်သာပြီး သက်တမ်းစေ့နေနိုင်တဲ့သူတွေလည်း အများကြီး ရှိနေပါပြီ။ ဒါကြောင့် ကင်ဆာဖြစ်နေပြီဆိုတာနဲ့ သေတော့မယ့်သူလို စိတ်ဓာတ်ကျနေဖို့ မလိုပါဘူးနော်။
မိမိမှာ ကင်ဆာဖြစ်နေပြီဆိုတာနဲ့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်ဖို့ ကြိုးစားတဲ့အခါ ကုသမှုတွေ ခံယူသလိုပဲ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ အရေးကြီးပါတယ်။ ကုသမှုတွေ ခံယူနေချိန်ရော၊ ဘဝတစ်လျှောက်လုံးမှာပါ ကင်ဆာနဲ့အတူ နေထိုင်နိုင်မယ့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းရမှာပါ။
ဘာတွေပြောင်းရမလဲ?
(1) အစားအသောက်
ကင်ဆာရှိနေတဲ့သူဟာ ရောဂါဒဏ်ကို ခံနိုင်ဖို့အတွက် ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ antioxidants ကြွယ်ဝတဲ့ တခြားအာဟာရတွေပါ စုံစုံလင်လင်ရဖို့ အရေးကြီးပါတယ်။ အသား၊ ငါး၊ နို့၊ ဒိန်ချဥ်၊ ချိစ်၊ မရောနိစ်၊ ထောပတ်သီး၊ တိုဖူး၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆန်တွေ၊ လတ်ဆတ်တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ထမင်း စသဖြင့် စားဝင်သမျှ များများစားပေးမှသာ ကိုယ်ခံအားကောင်းတာ၊ အားအင်ပြည့်ဝတာ၊ အနာကျက်မြန်တာ၊ ကုသမှုတွေကို ခံနိုင်ရည် ပိုရှိတာ၊ ပိုကျန်းမာတာ စတဲ့ အကျိုးကျေးဇူးတွေ ရမှာပါ။ ရေသောက်တာက အဆိပ်အတောက်တွေ ကင်းစင်စေလို့ ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။
စားချင်သောက်ချင်စိတ်မရှိဘဲ ပျို့အန်ချင်နေရင် နည်းနည်းနဲ့ ခဏခဏ စားတာ၊ အစာကြေလွယ်အောင် ကြိတ်ပြီးကျိုပြီး စားတာမျိုး လုပ်လို့ရပါတယ်။
ကင်ဆာအတွက် ရှောင်ရမှာတွေက သေချာကျိုချက်ပိုးသတ်မထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ သေချာကျက်အောင်ချက်မထားတဲ့ အသား၊ငါးတွေ၊ ကြက်ဥဘဲဥအစိမ်းတွေ၊ သေချာဆေးမထားတဲ့ အသီးအရွက်တွေပါ။
(2) ကိုယ်လက်လှုပ်ရှားမှု
အတော်အသင့်ရှိတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းမျိုးကို တစ်ပတ်မှာ မိနစ် ၁၅၀ ခန့် လုပ်သင့်ပါတယ်။ ယောဂကျင့်တာ၊ ကတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာတွေ လုပ်ရင်လည်း ရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေလို့
စွမ်းအင်ပြည့်ဝပြီး ကောင်းစွာအိပ်ပျော်စေတဲ့ အရာပါ။
(3) နေထိုင်မှုပုံစံ
နေ့စဥ်လုပ်နေကျ အမူအကျင့်တွေကို ဆန်းစစ်ရပါမယ်။ အရက်နဲ့ ဆေးလိပ်လို ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေကို ဖြတ်ပါ။
အိပ်ရေးဝအောင် အိပ်ဖို့လည်း အရေးကြီးတာမို့ အိပ်ယာပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်နေဖို့ လိုပါတယ်။ မအိပ်ခင် ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ အကြောလျှောတာမျိုး လုပ်ပါ။ နေ့ခင်းဖက်အကြာကြီးအိပ်ရင် ညအိပ်ပျော်ဖို့ ခက်တာမို့ နေ့ခင်းဖက်အိပ်ရင် မိနစ် ၂၀၊ နာရီဝက်ခန့်သာ အိပ်ပါ။ ညစာစောစောစားတာနဲ့ ညစာမှာ အပူအစပ်၊ သကြားနဲ့ အဆီအစိမ့်တွေမပါအောင် သတိထားတာကလည်း ကောင်းစွာ အိပ်ပျော်စေမယ့် အကြောင်းတစ်ခုပါ။
(4) စိတ်ဖိစီးမှု
ကင်ဆာဖြစ်နေမှတော့ ဟိုတွေးဒီးတွေးပြီး စိတ်ဖိစီးတာ အနည်းနဲ့အများတော့ ရှိမှာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုများတာက အိပ်ရေးပျက်တာ၊ ကိုယ်ခံအားကျတာတွေ ဖြစ်လာစေမှာမို့ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ မိသားစုသူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းခြင်းဖြင့် စိတ်ဖိစီးမှုလျှော့ချလို့ ရပါတယ်။ လိုအပ်ရင် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။
ကင်ဆာဟာ သေမင်းတံခါးဝ မဟုတ်ပါဘူး။ သေမင်းတံခါးဝဆိုရင်တောင် တံခါးခေါက်စရာမလိုဘဲ၊ တံခါးဆွဲဖွင့်ဝင်စရာမလိုဘဲ လှည့်ပြန်ပြီး ကင်ဆာနဲ့အတူ သက်တမ်းစေ့နေနိုင်အောင် ကြိုးစားဖို့ ကင်ဆာရောဂါသည်တွေကို အားပေးလိုက်ပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်