သုက်လွှတ်ဖို့ ကြာနေတဲ့ ပြဿနာ ဘာကြောင့်ဖြစ်၊ ဘယ်လိုဖြစ်
အမျိုးသားတိုင်းက သူတို့ရဲ့ ဖွားဘက်တော်ကြီး ကျန်းမာနေကောင်းနေတာကို အလိုရှိတတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတိုင်းတော့ ညီလေး နေကောင်းကျန်းမာနေတတ်တာမျိုးမဟုတ်ပါဘူး။
ပင်ကိုယ်သဘာဝအရကို ဂရုစိုက်ဖို့ လိုအပ်တဲ့ ဒီအင်္ဂါအစိတ်အပိုင်းလေးဟာ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ဖျားနာနေမကောင်းဖြစ်ဖြစ်သွားလေ့ရှိပါတယ်။ ဒီလိုမျိုးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ သုက်ထွက်ချိန်ကြာမြင့်ခြင်းဟာလည်း အဖြစ်များတဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။
ပုံမှန်ထက် သုက်လွှတ်ရန် ကြာခြင်းဟာ ကုထုံး၊ သောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုး၊ နာတာရှည် ကျန်းမာရေးပြဿနာများနဲ့ ခွဲစိတ်ကုသမှုများကြောင့် သို့မဟုတ် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း၊ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာများအနေနဲ့
- စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း
- အချစ်ရေးမှာ အဆင်မပြေခြင်း
- မိမိလိင်စွမ်းဆောင်ရည်အပေါ် အားမလိုအားမရဖြစ်ခြင်း၊ စိုးရိမ်ခြင်း
- မိမိရုပ်သွင်ပြင်အပေါ် စိတ်တိုင်းမကျခြင်း
- လိင်မှုကိစ္စကို အပြစ်တစ်ခုလို စိတ်ထဲမှာ ထင်မြင်နေခြင်း
- စိတ်ကူးထဲက လိင်စိတ်သာယာမှုနဲ့ အပြင်မှာ ကွာခြားနေခြင်းကြောင့် အားမလိုအားမရဖြစ်ခြင်း တွေကြောင့်သာမက
ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ဆေးဝါးများအနေနဲ့
- စိတ်ကျရောဂါသောက်ဆေးများ
- သွေးတိုးကျဆေးများ
- စိတ်ဖောက်ပြန်ခြင်းကို ကုသပေးတဲ့ဆေးများ
- ရုတ်တရက်တက်ခြင်းကို ကာကွယ်ပေးတဲ့ဆေးများ
မူးယစ်ဆေးဝါး သုံးစွဲခြင်းတွေထဲမှာ
- ဆေးခြောက်၊ ဘိန်းဖြူ၊ လိင်စိတ်ကြွဆေးများ သုံးစွဲခြင်း
- အရက်အလွန်အကျွံ သောက်ခြင်း
ရုပ်ပိုင်းဆိုင်ရာပြဿနာတွေမှာဆိုရင်
- မွေးရာပါ ကျားမျိုးပွားစနစ်ချို့ယွင်းချက်
- လိင်စိတ်အထွတ်အထိပ်ရောက်ရန် ထိန်းချုပ်ထားတဲ့ ဆီးစပ်အာရုံကြောများ ထိခိုက်မိခြင်း
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
- ဆီးကျိတ်ခွဲစိတ်ထားခြင်း၊ ဖယ်ရှားထားခြင်း
- ဆီးချိုကြောင့် ကျောရိုးတစ်ဝိုက် အာရုံကြောများ ထိခိုက်ထားခြင်း
- သုက်ရည်ပြန်ကန်တက်တဲ့ ရောဂါရှိခြင်း စတာတွေကြောင့်ပဲဖြစ်ပါတယ်။
အကယ်လို့ သင်ဟာ သတ်မှတ်ချိန် နာရီဝက်ထက် ကျော်လွန်ပြီး သုက်လွှတ်ကြာနေတယ်ဆိုရင်တော့ ကိုယ့်မှာ တခြားကျန်းမာရေးပြဿနာရှိလားဆိုတာကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်