သင်မသိပဲ ဝိတ်တက်လာနေရတဲ့ အကြောင်းအရင်းများ
အဆီစားများရင် ဝိတ်တက်တယ်၊ လေ့ကျင့်ခန်းမလုပ်ရင် ဝိတ်တက်တယ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ သင်ထင်မထားတဲ့ ဝိတ်တက်စေတဲ့ လက်နက်ပုန်းလေးတချို့ကို ခုဆောင်းပါးမှာ ဝေမျှပေးလိုက်ချင်ပါတယ်။
၁။ ဆီးချိုရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ အချိုစားသုံးမှုများခြင်းဟာလည်း အဆီဓာတ်လိုပဲ သင့်ခန္ဓာကိုယ်ကို ဝိတ်တက်စေပြီး မလိုအပ်တဲ့နေရာမှာ အဆီပိုတွေ စုဝေးစေနိုင်ပါတယ်။ အချိုစားသုံးမှုလို့ဆိုတဲ့နေရာမှာ အချိုရည်၊ အချိုမုန့်တွေတင်မဟုတ်ဘဲ သကြားတွေ ပိုထည့်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ၊ ဖြည့်စွက်စာတွေကို နေ့စဉ်စားသုံးရင်လည်း ဝိတ်တက်နိုင်ပါတယ်။
၂။ အစာစားတဲ့အခါ တစ်ထိုင်တည်းနဲ့ ပမာဏအများကြီးစားလိုက်တဲ့အခါ ခန္ဓာကိုယ်က ချေဖျက်နိုင်တဲ့အတိုင်းအတာထက် ကျော်လွန်သွားတဲ့အတွက် အဆီဓာတ်တွေဟာ ကိုယ်ထဲမှာ စုပြုံလာပြီး ဝိတ်တက်စေနိုင်ပါတယ်တဲ့။ ဒါကြောင့် အစာစားတဲ့အခါ အစာကြေစေဖို့နဲ့ ခန္ဓာကိုယ်က စားလိုက်သမျှ အစားအစာတွေရဲ့ အာဟာရဓာတ်ကို ကောင်းစွာစုပ်ယူနိုင်စေဖို့ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲပြီး စားပေးသင့်ပါတယ်။
၃။ အထိုင်များခြင်းဟာ ဝိတ်တက်စေတဲ့ အကျင့်ဆိုးတွေထဲက တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ တစ်နေရာတည်းမှာ လှုပ်ရှားမှုမရှိဘဲ အချိန်ကြာမြင့်စွာ ထိုင်နေ၊ လှဲနေလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်မှုဟာ နှေးကွေးသွားသလို ခန္ဓာကိုယ်က ကြွက်သားထုဆုံးရှုံးပြီး သူ့နေရာမှာ အဆီတွေနဲ့ အစားထိုးလိုက်နိုင်ပါတယ်။
၄။ ညဘက်မှာ အိပ်ရေးမဝ၊ အိပ်ချိန်ပြည့်အောင် မအိပ်တာ၊ ဒါမှမဟုတ် အမြဲတမ်း ညအိပ်နောက်ကျပြီး အိပ်ချိန်မမှန်ဘူးဆိုရင်လည်း ဝလာတတ်ပါတယ်။ ဒီအချက်ကတော့ တချို့ခန္ဓာကိုယ်အမျိုးအစားတွေအတွက် ဆန့်ကျင်ဘက် ပိန်သွားတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။
၅။ စိတ်ကျရောဂါ၊ ဟော်မုန်းမျှခြေပျက်ယွင်းတာ၊ အစာစားခြင်း မူမမှန်တာ၊ သိုင်းရွိုက်ဂလန်းတွေ လိုတာထက်ပိုပြီး အလုပ်လုပ်တာ အစရှိတဲ့ ရောဂါတွေရှိနေရင်လည်း ကိုယ်အလေးချိန် တက်တာမြန်စေနိုင်ပါတယ်။
၆။ အစားရွေးစားတဲ့အကျင့်ဟာ ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်လာစေနိုင်တဲ့ မကောင်းတဲ့အကျင့်တစ်ခုပါ။ ခန္ဓာကိုယ်က နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံလင်အောင် ရရှိဖို့ အစာအုပ်စုကို စုံလင်နေအောင် စားပေးဖို့ လိုအပ်ပါတယ်။ အကယ်လို့ ကျန်းမာရေးကြောင့်၊ ဓာတ်မတည့်မှုတွေကြောင့် မစားနိုင်တဲ့ အစာအုပ်စုရှိတယ်ဆိုရင် သူ့အာဟာရဓာတ်တွေအတွက် ဖြည့်စွက်အားဆေးတွေကို တွဲဖက်သောက်ပေးဖို့တော့ လိုပါတယ်။
မိတ်ဆွေတို့ရော ဒီအချက်တွေထဲက ဘယ်အချက်တွေကို လုပ်နေမိတတ်လဲ။ ကိုယ်တိုင်က ထင်မထားမိလိုက်ဘဲ လုပ်တတ်တဲ့အကျင့်တစ်ခုဟာ ဝိတ်တက်စေတယ်ဆိုတာ သိပြီးရင်တော့ စောစောပြင်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်