စိတ်ကျန်းမာရေး ဆွေးနွေးခြင်း (Therapy) ဘာကြောင့်ပြုလုပ်သင့်တာလဲ
စိတ်ကျန်းမာရေး ဆွေးနွေးတယ်ဆိုတာ အရင်တုန်းကတော့ သိပ်ပြီးခေတ်မစားခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့နိုင်ငံမှာလည်း ဆွေးနွေးမှုခံယူကြတဲ့သူတွေ များလာကြတာကို တွေ့ရပါတယ်။ တကယ်တော့ Therapy ဆိုတာ ဆွေးနွေးမှုပြုလုပ်ရင်း ကိုယ့်ကျန်းမာရေးပြဿနာကို အဖြေရှာရတဲ့ စိတ်ကုထုံးတစ်မျိုးဖြစ်ပြီး လိုအပ်မှသာ ဆေးဝါးကုသမှု ပြုလုပ်ရတာဖြစ်လို့ အများကြီးဘေးကင်းသလို ရောဂါကို အတည်ပြုဖို့လည်း ပိုလွယ်ကူပါတယ်။
Therapy Session တွေကို နာရီဝက်ကနေ ၂ နာရီလောက်ထိ စကားပြောဆိုဆွေးနွေးရတဲ့ ဆက်ရှင်အနေနဲ့ သတ်မှတ်ထားပြီး ဆွေးနွေးသူနဲ့ ကုသမှုခံယူသူနှစ်ဦးကြား၊ ဒါမှမဟုတ် သက်ဆိုင်သူအားလုံး စုဝေးပြီး ဆွေးနွေးရတာဖြစ်ပါတယ်။ သာမန် စိတ်ဓာတ်ကျခြင်းတွေအပြင်
- စိတ်ရောဂါများ
- စိုးရိမ်ပူပန်လွန်ကဲစိတ်များ
- အကြောက်လွန်စိတ်များ
- ရောဂါ၊ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်လာမှုများ
- မတော်တဆဖြစ်စဉ်များကြောင့် နောက်ဆက်တွဲ စိတ်ဒဏ်ရာ ကျန်ခဲ့သူများ
- လူ့ပတ်ဝန်းကျင်အတွင်း လူနည်းစု (LGBTQ, အသားအရောင်၊ ဘာသာရေး၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်ရာ) ဖြစ်တည်မှုတို့ကြောင့် နှစ်ပေါင်းများစွာ ဖိနှိပ်ဖယ်ကျဉ်ခံထားရခြင်းကြောင့် နောက်ဆက်တွဲ စိတ်ဒဏ်ရာများ
- သာမန် စိတ်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်သော လက္ခဏာများ
- လူမှုရေးရာ၊ အချစ်ရေးရာ ပြဿနာများ
- အိမ်ထောင်ရေး ပဋိပက္ခများ အားလုံးကို တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Therapy Sessions ယူတဲ့အခါ ကိုယ့်ရဲ့အခြေအနေပေါ် မူတည်ပြီး ဆက်ရှင်နည်းနည်းနဲ့ ပြီးပြတ်သွားနိုင်တဲ့ ယာယီပြဿနာတွေအပြင် နှစ်ကာလရှည်ကြာအောင် ကုသမှုခံယူဖို့ လိုအပ်တဲ့ အခြေအနေတွေလည်း ရှိနိုင်ပါတယ်။ အစပိုင်းမှာတော့ ဆွေးနွေးမှုကိုသာ အဓိကလုပ်ပေးမှာဖြစ်ပြီး နောက်ပိုင်းဆက်ရှင်တွေမှသာ လူနာရဲ့ အခြေအနေပေါ် မူတည်လို့ စိတ်ရောဂါကုဆရာဝန်တွေနဲ့ပါ ပူးပေါင်းပြီး ရောဂါအတွက် ဆေးညွှန်းတာတွေကို လုပ်ပေးမှာဖြစ်ပါတယ်။
Therapy Sessions တွေဆိုတာ ပုံမှန် ဆရာဝန်နဲ့တွေ့ပြီး ရောဂါကုသလို ပုံစံမျိုးမဟုတ်ဘဲ ဆွေးနွေးကုသမှုမျိုးနဲ့ ကာယကံရှင်နဲ့ ဆွေးနွေးသူကြား ရင်းနှီးမှုဆက်ဆံရေးတစ်ခုကို တည်ဆောက်ကာ ကိုယ့်ပြဿနာကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်လာစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်လို့ ပိုပြီးသင့်တော်ပါတယ်။ လက်ရှိစစ်တမ်းအရ အကြောင်းအမျိုးမျိုးကြောင့် Therapy Session ယူသူတွေရဲ့ ၇၅% ဟာ ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းကုသနိုင်ခဲ့ပြီး၊ ကျန်တဲ့ ၂၅% ကတော့ သက်သာလာတယ်လို့ ဆိုထားကြပါတယ်။
Therapy Sessions တွေလို စိတ်ကုထုံးနဲ့ ကုသမှုခံယူခြင်းဟာ ရိုးရိုးရောဂါကုသခြင်းထက် ဘာတွေကောင်းကျိုးရှိလဲဆိုရင်
၁။ ဆွေးနွေးခြင်းကို ပြုလုပ်ခြင်းဖြင့် ကာယကံရှင်ရဲ့ ရင်ထဲမှာ ကာလရှည်ကြာအောင် မြှုပ်ပြီး မျိုသိပ်ထားခဲ့တဲ့ ဒဏ်ရာတွေ၊ ဝေဒနာတွေနဲ့ ပြဿနာတွေအားလုံးကို ရင်ဖွင့်လို့ ပါးစပ်ကနေ ထွက်ကျလာစေတယ်။
၂။ ရောဂါကုဖို့မဟုတ်ဘဲ ဆွေးနွေးမှုနဲ့ စတင်တာဖြစ်လို့ ကိုယ့်ရဲ့ပြဿနာကို သူငယ်ချင်းမိတ်ဆွေတစ်ယောက်လို၊ မိသားစုဝင်တစ်ယောက်လို တိုင်ပင်ဆွေးနွေးလို့ရတယ်၊ အကြံဉာဏ်တောင်းလို့ရတယ်။
၃။ ဆွေးနွေးကုသမှုအနေနဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားဖြစ်စေမယ့် အပြုအမူ၊ နေထိုင်မှုပုံစံ၊ လေ့ကျင့်ခန်းတွေကို ညွှန်ကြားပေးလို့ Session တွေအားလုံး ပြီးသွားတဲ့အခါမှာလည်း ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝပုံစံအတိုင်း နေထိုင်ရစေတယ်။
၄။ ရောဂါအတွက်တင်မဟုတ်ဘဲ လူမှုရေး၊ အိမ်တွင်းရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးပြဿနာတွေအတွက်ပါ တိုင်ပင်ဆွေးနွေးနိုင်တယ်။
၅။ Therapist - စိတ်ကျန်းမာရေးအတိုင်ပင်ခံ ပညာရှင်တွေဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မပါဘဲ သူတို့ရဲ့ ပြဿနာတွေကို တခြားသူတွေထံ ကတိချိုးဖောက်ပြီး ဖွင့်ပြောမှာမဟုတ်တာကြောင့် ယုံကြည်စိတ်ချလို့ရပါတယ်။
၆။ ကာယကံရှင်ရဲ့ လူနေမှုဘဝကို မြှင့်တင်ပေးရုံသာမက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ခန္ဓာပိုင်းဆိုင်ရာကိုပါ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။
၇။ Psychotherapy - စိတ်ကုထုံးတွေမှာ ကာယကံရှင်ရဲ့ အခြေအနေပေါ်မူတည်ပြီး မတူညီတဲ့ ရှုထောင့်ကနေ ဖြေရှင်းပေးတာဖြစ်လို့ ဆေးကုသမှု မခံယူချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။
၈။ တစ်နေ့တာမှာ ကြုံရသမျှ အခက်အခဲပြဿနာတွေ၊ အလုပ်ခွင်က စိတ်ဖိစီးမှုတွေ၊ ကိုယ့်ရဲ့ တွေးခေါ်မှုပုံစံ မှားယွင်းနေတာတွေ အားလုံးကို ကူညီဖြေရှင်းပေးသလို ပိုမိုကောင်းမွန်တဲ့ လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားစေဖို့ ဘေးကနေ ကူညီလမ်းပြပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေမယ့် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ပြဿနာတွေရှိရင် စိတ်ကုထုံးနဲ့ ကုသမှုခံယူကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်