အစားများပြီး လေအောင့်နေရင် ဒီလို သက်သာအောင်လုပ်ပါ
အစာအာဟာရက ခန္ဓာကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် အစားအသောက်ကို လိုတာထက် ပိုစားမိတာ၊ အလောတကြီးစားမိတဲ့အခါမှာတော့ အစာမကြေတာ၊ ဗိုက်ပြည့်၊ ဗိုက်ကယ်တာနဲ့ လေအောင့်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေရင် အိမ်မှာပဲ ဘယ်လိုသက်သာအောင် လုပ်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) လမ်းလျှောက်ပေးပါ
လေထိုးလေအောင့်တာကို သက်သာစေဖို့နဲ့ အစာကြေလွယ်စေဖို့ အစာစားပြီးတိုင်း မနှေးမမြန်လေး လမ်းလျှောက်ပေးဖို့ လိုပါတယ်။ ဒါဟာ ခန္ဓာကိုယ်နဲ့ အစာအိမ်တွင်း လှုပ်ရှားမှုကို ကောင်းစေပြီး လေတွေကိုလဲ အပြင်ထွက်စေပါတယ်။ လေအောင့်နေချိန် အပြင်းအထန် လှုပ်ရှားတာ၊ ပြေးလွှားတာနဲ့ လမ်းကြမ်းကြမ်းလျှောက်တာတွေကိုတော့ မလုပ်သင့်ပါဘူးနော်။
(၂) Herbal Tea
သဘာဝကရတဲ့ Chamomile Tea၊ ပူစီနံ Tea စတဲ့ သဘာဝလက်ဖက်ရည်တွေဟာ အစာခြေဖျက်အားကို ပိုကောင်းစေပြီး အစာအိမ်အက်စစ်တွေ များများထွက်တာကို လျော့စေနိုင်ပါတယ်။ ဒါ့အပြင် Chamomile Tea က နာကျင်ရောင်ရမ်းတာတွေကိုပါ သက်သာစေလို့ လေအောင့် လေနာ ဗိုက်နာတာတွေအတွက် အထူးသင့်တော်ပါတယ်။
(၃) ပန်းသီးရှာလကာရည်
Apple Cider Vinegar က ခန္ဓာကိုယ်အတွက် အဆီကျလှပစေသလို အစာအိမ်အတွက်ပေးတဲ့ ကောင်းကျိုးကိုလဲ မေ့ထားလို့မရပါဘူး။ ပန်းသီးရှာလကာရည် တစ်ဇွန်းစာကို ရေတစ်ဖန်ခွက်နဲ့ ရောပြီး သောက်ပေးလို့ရပါတယ်။ ပမာဏများများ မသောက်မိဖို့တော့ သတိထားဖို့ လိုပါတယ်နော်။
(၄) ဂျင်း
အစာမကြေ ဗိုက်ပြည့် ဗိုက်ကယ်တာနဲ့ လေအောင့်တာအတွက် ဂျင်းကိုလဲ အသုံးပြုနိုင်ပါတယ်။ အစာအိမ်အက်စစ်ဓါတ်ပမာဏကို ထိန်းညှိပေးနိုင်တာကြောင့် ဂျင်းရည် ၊ ဂျင်းပြုတ်ရည်၊ ဂျင်းလက်ဖက်ရည် စတာတွေကိုလဲ သောက်ပေးလို့ရပါတယ်။ ပမာဏများများသောက်မိရင်တော့ ဘေးထွက်ဆိုးကျိုးရှိတာကြောင့် သတိထားဖို့လိုပါတယ်။
(၅) Baking Soda (Sodium Bicarbonate)
Baking Soda မုန့်မှုတ်ဆော်ဒါက အစာအိမ်အက်စစ်တွေကို ချေဖျက်ပေးနိုင်ပြီး အစာမကြေ၊ လေပွ၊ လေထတာတွေကို သက်သာစေပါတယ်။ Baking Soda တစ်ဇွန်းခွဲကို ရေနွေးအနည်းငယ်နဲ့ ရောပြီး အိမ်သုံးဆေးဝါးအနေနဲ့ သောက်သုံးပေးလို့ ရပါတယ်။
တကယ်လို့ အခုပြောခဲ့တဲ့ နည်းလမ်းတွေနဲ့ မသက်သာဘူး၊ လေထိုးလေအောင့်တာ ပိုဆိုးလာတယ်၊ ဝမ်းသွားတာ ၊ ဝမ်းချုပ်တာ၊ ပျို့အန်တာ စတဲ့ လက္ခဏာတွေနဲ့ တွဲပြီး ဖြစ်နေပြီဆိုရင်တော့ အစာအိမ်ပြဿနာတစ်ခုခုရဲ့ ရောဂါလက္ခဏာဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဆေးရုံဆေးခန်းမှာ သေချာစစ်ဆေးကုသမှု ခံယူသင့်ပါတယ်နော်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)