အိပ်ရေးပျက်ခြင်းနဲ့ ကိုယ်အလေးချိန် သက်ရောက်မှု
လူတစ်ယောက်ရဲ့ တစ်နေ့တာညအိပ်ချိန် (၇) နာရီထက် နည်းပြီဆိုရင် ယေဘုယျအားဖြင့် အိပ်ရေးပျက်တယ်၊ အိပ်ချိန်ထိခိုက်တယ်လို့ သတ်မှတ်ပါတယ်။
တစ်ရက်၊ နှစ်ရက်လောက်နဲ့ ပြဿနာမရှိပေမဲ့ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်ပြီဆိုရင်တော့ ရုပ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေထဲမှာ ကိုယ်အလေးချိန်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။
ဒါပေမယ့် လူတွေဟာ မွေးကတည်းက မတူညီတဲ့ ခန္ဓာကိုယ်အမျိုးအစားနဲ့ မွေးဖွားလာကြတာဖြစ်လို့ အိပ်ရေးပျက်လို့ ပိုဝမလား၊ ဒါမှမဟုတ် ပိုပိန်လာမလားဆိုတာတော့ အတိအကျပြောလို့ မရပါဘူး။
၁။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်မှု နှောင့်နှေးသွားတာကြောင့် ကယ်လိုရီလောင်ကျွမ်းမှုနှေးကွေးသွားပြီး ခန္ဓာကိုယ်ကို အဆီတက်လို့ အဝလွန်စေနိုင်ပါတယ်။
၂။ ညမအိပ်သူတွေ အများစုဟာ စာကြည့်၊ ရုပ်ရှင်ကြည့်၊ အွန်လိုင်းသုံးရင်းနဲ့ သွားရေစာအငန်မုန့်တွေ၊ အချိုစာတွေ ပိုစားတတ်ကြပါတယ်။ ဒီအစားအစာတွေဟာ အာဟာရမဖြစ်သလို ခန္ဓာကိုယ်ကိုလည်း အဆီတက်စေတဲ့အတွက် ကိုယ်အလေးချိန်ကို ပိုတိုးစေပါတယ်။
၃။ အနားယူရမယ့်အချိန်မှာ အစာစားလိုက်တဲ့အတွက် အစာအိမ်က ဒီအစားအစာတွေအားလုံးကို ကုန်စင်အောင် မချေဖျက်နိုင်သလို အာဟာရဓာတ်တွေကိုလည်း ကောင်းစွာစုပ်ယူနိုင်ခြင်းမရှိပါဘူး။ ဒီအခါ ဗိုက်ထဲမှာ မလိုအပ်ဘဲ အစာဟောင်းတွေ ပိုစေသလို၊ အဆီတွေကိုလည်း ပိုတက်စေပါတယ်။
၄။ တစ်ဆက်တည်းမှာပဲ အိပ်ရေးပျက်ခြင်းဟာ နောက်တစ်နေ့နိုးထလာတဲ့အခါ လူတွေရဲ့ အစာစားချင်စိတ်ကို လျော့နည်းစေတဲ့အတွက် အစားနည်းသွားပြီး ကိုယ်အလေးချိန် ကျစေနိုင်ပါတယ်။
၅။ တစ်နေ့တာအတွက် လေ့ကျင့်ခန်းလုပ်ရာမှာလား အစာကောင်းစွာမစားထားသလို အိပ်ရေးကလည်း ပျက်ထားတာကြောင့် အားမရှိဘဲ ကယ်လိုရီတွေ ကောင်းစွာလောင်ကျွမ်းဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒီလိုမျိုး အိပ်ရေးပျက်များခြင်းဟာ နဂိုဝသူတွေကို ပိုဝစေပြီး၊ နဂိုပိန်သူတွေကို ပိုလို့ပိန်သွားစေနိုင်တဲ့ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်လို့ တတ်နိုင်ရင် တစ်နေ့တာညအိပ်ချိန်ကို ပြည့်အောင်အိပ်စက်အနားယူပေးတာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်