အိပ်ပျော်နေစဉ် အသက်ရှူပိတ်ခြင်း သို့မဟုတ် ဟောက်ခြင်း
ကိုယ့်အိမ်မှာ ညသန်းခေါင်ရောက်မှ ဟောက်သံမျိုးစုံထွက်ပြီး ဆူညံနေတဲ့ ချစ်ရသူ၊ မိသားစုတစ်ယောက်ယောက် ရှိနေရင်တော့ ဒီကျန်းမာရေးပြဿနာနဲ့ စိမ်းမယ်လို့တော့ မထင်ပါဘူးခင်ဗျာ။ Sleep Apnea ဆိုတာ အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတတ်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး ကိုယ့်ရဲ့အိပ်စက်မှုကိုလည်း ထိခိုက်စေသလို ဘေးလူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ တချို့သောအခြေအနေတွေမှာ အသက်ရှူရပ်တာကြာသွားတတ်တဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ရနိုင်ပါတယ်။ ဒီပြဿနာကိုတော့ အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
Sleep Apnea အမျိုးအစားတွေထဲမှာ
- Obstructive Sleep Apnea - အဖြစ်အများဆုံး၊ လည်ချောင်းကြွက်သားများ ပျော့ပျောင်းခြင်းကြောင့် ဖြစ်တဲ့ ပြဿနာ
- Central Sleep Apnea - အသက်ရှူခြင်းကို ထိန်းချုပ်တဲ့ ကြွက်သားတွေကို ဦးနှောက်ကနေ Signal များ မပို့ခြင်းကြောင့်ဖြစ်တဲ့ ပြဿနာ
- Complex Sleep apnea - အပေါ်က အမျိုးအစား (၂) မျိုးလုံးရှိပြီး၊ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်တဲ့၊ စိုးရိမ်ရတဲ့ပြဿနာဆိုပြီး (၃) မျိုး ခွဲခြားနိုင်ပါတယ်။
သူ့ရဲ့ ရောဂါလက္ခဏာတွေထဲမှာ အသိသာဆုံးကတော့ အသံကျယ်လောင်စွာ ထွက်လာတဲ့ ဟောက်သံပဲဖြစ်ပါတယ်။ ဒီအတွက်လည်း ဟောက်တဲ့သူတွေမှာ ဒီကျန်းမာရေးပြဿနာ အမြဲရှိနေနိုင်တယ်လို့ ယူဆရတာဖြစ်ပါတယ်။ တခြားလက္ခဏာအနေနဲ့
- အိပ်ပျော်နေတဲ့အချိန် အသက်ရှူရပ်တန့်သွားတာ
- အိပ်နေရင်းနဲ့ အသက်ကို ပါးစပ်နဲ့အလုအယက် ရှူနေရတာ
- နိုးလာတဲ့အခါ ပါးစပ်ခြောက်နေတာ
- မနက်ခင်းမှာ ခေါင်းကိုက်တာ
- ညဘက်မှာ အိပ်မပျော်တဲ့ရောဂါ (Insomnia) ဖြစ်လာတာ၊ အိပ်မောကျဖို့ ခဲယဉ်းတာ
- မနက်ဘက်တွေမှာ ပိုပြီးအိပ်ချင်နေတတ်တာ
- နိုးထနေချိန်မှာ အာရုံစူးစိုက်လို့မရတာ
- စိတ်ဆိုးစိတ်ဆတ်လွယ်တာတွေကို တွေ့ရနိုင်ပါတယ်။
ဒီပြဿနာဟာ အဝလွန်သူတွေ၊ ကိုယ်အလေးချိန် များလွန်သူတွေမှာ ပိုအဖြစ်များပြီး
- လည်ပင်းကြီးနေသူတွေ
- အသက်ရှူလမ်းကြောင်း ကျဉ်းနေသူတွေ
- အမျိုးသားတွေ
- အသက်ကြီးသူတွေ
- မိသားစုမျိုးရိုးလိုက်သူတွေ
- ဆေးလိပ်၊ အရက်သောက်သူတွေ
- အသက်ရှူရခက်တတ်သူတွေ
- နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါရှိသူတွေ
- ဟော်မုန်းဆိုင်ရာ ပြဿနာရှိသူတွေ
- နာတာရှည်အဆုတ်ရောင်ရောဂါ ရှိသူတွေမှာလည်း အဖြစ်များပါတယ်။
ဟောက်တာကို ရယ်စရာဟာသအဖြစ် မြင်တတ်ကြပေမယ့် တကယ်တမ်းမှာ သေချာစနစ်တကျ ကျန်းမာရေးကုသမှု ခံယူဖို့လိုအပ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီပြဿနာကို မကုသဘူးဆိုရင်
၁။ နေ့ခင်းပိုင်းတွေမှာ မောပန်းနွမ်းဟိုက်ပြီး အားမရှိသလို နုန်းခွေနေမယ်။ စိတ်ဆိုးစိတ်ဆတ်လွယ်ပြီး အာရုံစူးစိုက်နိုင်မှု နည်းပါးမှာပါ။
၂။ သွေးတိုးနဲ့ နှလုံးကျန်းမာရေးပြဿနာတွေ ပိုဖြစ်လာနိုင်ပြီး၊ ညဘက်အိပ်နေတုန်း အသက်ရှူရပ်သွားတဲ့အခါ သွေးတွင်း အောက်စီဂျင်သယ်ပို့မှုလျော့ကျသွားတာကြောင့် သွေးပေါင်ပိုတက်လာနိုင်ပါတယ်။
၃။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဆူလင်ခုခံတားဆီးမှုကိုလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။
၄။ ကျန်းမာရေးပြဿနာကြောင့် ခွဲစိတ်ကုသမှုခံယူတဲ့အခါ ကုသမှုပုံစံကိုလည်း နှောင့်ယှက်သလို၊ ထုံဆေးရဲ့ အာနိသင်ကိုလည်း ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုပြီးသွားတဲ့အခါမှာလည်း အသက်ရှူရပ်တတ်တဲ့ ပြဿနာကြောင့် အနီးကပ်စောင့်ကြည့်မှု လိုလာနိုင်ပါတယ်။
၅။ အသည်းရဲ့ လုပ်ဆောင်နိုင်ခြေကိုလည်း ထိခိုက်စေပြီး အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့မိသားစုဝင်တွေ၊ အထူးသဖြင့် အဖေ၊ ဦးလေး၊ အဘိုးအရွယ်တွေမှာ မကြာခဏ ဟောက်တတ်တဲ့လက္ခဏာတွေကို တွေ့ရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ပြုလုပ်ကာ လိုအပ်တဲ့ကုသမှုတွေ ခံယူဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်