ဆီးသွားနည်းတဲ့ ယောက်ျားလေးတွေမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
ဆီးသွားနည်းခြင်းဟာ ရိုးရိုးသာမန် အခြေအနေတစ်ခုလည်း ဖြစ်နိုင်သလို Oliguria လို့ခေါ်တဲ့ ကျောက်ကပ်က ဆီးတွေအလုံအလောက် ထုတ်လုပ်ပေးနိုင်ခြင်းမရှိတဲ့ ကျန်းမာရေးအခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆီးသွားနည်းတယ်ဆိုတာ မကောင်းတဲ့ ကျန်းမာရေးဆိုင်ရာ လက္ခဏာတစ်ခုလို့ မှတ်ယူလို့ရပါတယ်။
များသောအားဖြင့် ဆီးသွားနည်းခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေအနေနဲ့
- ရေသောက်နည်းခြင်း
- ရောဂါပိုးဝင်ခြင်း
- ခန္ဓာကိုယ်က Shock ရပြီး သွေးစီးဆင်းနှုန်းနည်းသွားခြင်း
- ဆီးလမ်းကြောင်းမှာ ပိတ်ဆို့သွားခြင်း
- ကိုယ်သောက်နေတဲ့ဆေးဝါးတွေကြောင့် ကျောက်ကပ်ထိခိုက်သွားခြင်း
- သွေးပေါင်ကျခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ယောက်ျားလေးတွေမှာ တစ်ခါတလေ ဆီးသွားနည်းခြင်းဟာ ပြဿနာမဟုတ်ပေမဲ့ နေ့စဉ်ရက်ဆက် ဆီးသွားနည်းမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက တစ်နေ့တာလုပ်ဆောင်မှုတွေကို ဆောင်ရွက်ရတဲ့အတွက် အဆိပ်အတောက်တွေ ထုတ်ပေးသလို၊ ကိုယ်သောက်လိုက်တဲ့ ဆေးဝါးတွေက ကျောက်ကပ်မှာ အနည်ထိုင်သွားတဲ့အတွက် ဆီးနဲ့အတူ အပြင်ကို စွန့်ထုတ်ပေးရပါတယ်။ ဒီတော့ ဆီးသောက်နည်းသွားပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံလာရတတ်တာကြောင့်ပါ။
အမျိုးသားတွေ ဆီးသွားနည်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကတော့
- ဆီးကျဉ်၊ ဆီးအောင့်လာမယ်။
- ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းထဲက တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲနေမယ်။
- ကျောက်ကပ်ရဲ့ လုပ်ဆောင်ရည်အားနည်းလာပြီး ထိခိုက်ပျက်စီးလာမယ်။
- သွေးခုန်နှုန်းတွေ မြန်ပြီး သတိလစ်သွားနိုင်တယ်။
- ဆီးလမ်းကြောင်းထဲ ပိုးဝင်သွားပြီး ရောဂါတွေဖြစ်လာနိုင်တယ်။
- ကျောက်ကပ်ထဲ ကျောက်တည်နိုင်ခြေ ပိုများပါတယ်။
ယောက်ျားလေးတစ်ယောက် ဆီးသွားနည်းနေပြီလားဆိုတာကို အိမ်သာသွားတဲ့အခါ ကိုယ့်ရဲ့ဆီးအရောင်၊ ဆီးအရှိန်ကို ကြည့်ရင်း သိနိုင်ပါတယ်။ ဆီးအရောင်က အကြည်ရောင်၊ အဝါဖျော့ရောင်မဟုတ်ဘဲ အရောင်ရင့်ဖြစ်နေတာ၊ ဆီးအရှိန်နည်းပြီး ပုံမှန်လိုမပြင်းဘူးဆိုရင်တော့ ရေသောက်နည်းနေတယ်လို့ သတ်မှတ်လို့ရပါတယ်။ ရေသောက်နည်းတာအတွက် ကိုယ့်ရဲ့တစ်နေ့တာမှာ ရေပုံမှန်သောက်ပေးဖို့၊ သစ်သီးတွေ များများစားပေးဖို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ မမေ့ပါနဲ့။
ရဲမျိုးမြတ်
ဦးဌေး 30 Apr 2023 |
ဆီးသွားနည်း ဆီဝါ ဆီကျင်