စိတ်ကျရောဂါက Trend တစ်ခုဖြစ်နေပြီလား
အင်တာနက်နဲ့အတူ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာလိုက်တာမှာ စိတ်ကျရောဂါနဲ့ တခြားဆက်စပ် စိတ်ရောဂါတွေပါ Trend နောက်ကိုလိုက်လို့ လူတွေ တွင်တွင်ကျယ်ကျယ် ပြောလာတာကို တွေ့ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ့်ရဲ့တစ်နေ့တာ၊ ကိုယ့်ဘဝမှာ ဖြစ်နေတဲ့အရာတွေကို လွတ်လွတ်လပ်လပ်နဲ့ ဖွင့်ပြောလို့ရတာဖြစ်လို့ အရင်ကထက် ပိုပြီး စိတ်ကျန်းမာရေးအကြောင်းကို ဖွင့်ဟဝန်ခံလာတာ ကောင်းတဲ့ ကိစ္စတစ်ခုပေမယ့် သူ့ထက်ငါဦးအောင် စိတ်ဓာတ်ကျပြရတာ၊ စိတ်ပြဿနာတစ်ခုမရှိတာနဲ့ပဲ ကိုယ်ဟာ ထူးဆန်းနေတဲ့သူတစ်ယောက်လိုလို ခံစားနေရတာကို မြင်ရတာ တော်တော်တော့ မနှစ်မြို့စရာပါပဲ။ အထူးသဖြင့်
- သူများနည်းတူ ဆိုရှယ်မီဒီယာလောကထဲမှာ ဝင်ဆန့်နိုင်ဖို့ စိတ်ဓာတ်ကျလာခြင်း
- Negative Vibe တွေကို ကိုယ့်ရဲ့ လိုင်းပေါ်က Image တစ်ခုလို၊ Personal Brand တစ်ခုလို ဖန်တီးလာခြင်း
- ပြဿနာအသေးလေးကို ပုံကြီးချဲ့လို့ လောကကြီးကိုပဲ အပြစ်တင်နေခြင်း
- အငုံ့စိတ်၊ သိမ်ငယ်စိတ်တွေကို တိုက်ရိုက်အနေနဲ့ရော သွယ်ဝိုက်ပြီးတော့ပါ ဖော်ပြလာတတ်ခြင်း
- တစ်နေ့တာမှာ ကြုံနေတဲ့ပြဿနာတွေကို မဖြေရှင်းဘဲ လိုင်းပေါ်တင်ဖို့ပဲ စိတ်အားထက်သန်လာခြင်း တွေကို ခပ်စိပ်စိပ်လေးမြင်လာရတာက လွဲမှားနေတယ်လို့ ခံစားရပါတယ်။
စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ချိန်လုံး ထိုင်ငိုင်နေမှ၊ ငိုနေမှ၊ မူးပြဲကွဲနေမှ၊ စိတ်ဓာတ်ကျနေကြောင်း လူတွေကို တဖွဖွပြောပြနေမှ စိတ်ဓာတ်ကျနေတာ မဟုတ်ပါဘူး။ ပုံမှန် လုပ်ဆောင်မှုတွေကို လုပ်ဆောင်နေပေမယ့်လည်း စိတ်ဓာတ်ကျတာကို ခံစားနေရတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ စိတ်ဓာတ်ကျမှု လက္ခဏာတွေ အကြောင်း ပြောပြပေးသွားပါမယ်။
စိတ်ဓာတ်ကျတယ်ဆိုတာက စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့အခြေအနေတစ်ရပ်ပါ။ စိတ်ထဲမှာ အကောင်းမြင်တဲ့ အတွေးထက် အဆိုးမြင်တဲ့အတွေးတွေက ပိုများနေတတ်ပြီး ယုံကြည်မှုကင်းမဲ့နေတဲ့ အနေအထားပါ။ ဝမ်းနည်းနေသလို ခံစားနေရပြီး အရမ်းစိတ်ဝင်စားတဲ့အရာတွေကိုတောင် မလုပ်ချင်တာမျိုးပေါ့။ စိတ်ဓာတ်ကျမှုက နောက်ဆက်တွဲ ပြဿနာတွေကို ခေါ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်ဆိုလည်း မမှားပါဘူး။
လူတစ်ယောက် တကယ်စိတ်ဓာတ်ကျနေပြီဆိုရင်
- အစားစားချင်စိတ် ပြောင်းလဲမှုရှိတာ
အစားလုံးဝ မစားချင်တာ ဖြစ်နိုင်သလို အစားတွေ အရမ်းစားမိနေတာလည်း ဖြစ်နိုင်ပါတယ်။ စားနေကျ အစားအစာတွေကို စားချင်စိတ်မရှိဘဲ အဆီများတာ ကဖင်းကဲတာတွေကိုမှ စားချင်နေတာကလည်း စိတ်ဓာတ်ကျနေတာရဲ့ ထင်မှတ်မထားတဲ့ လက္ခဏာ တစ်ရပ်ပါ။
- ကိုယ်အလေးချိန် ပြောင်းလဲတာ
ဝိတ်ချနေတာ၊ ဝိတ်တက်အောင် စားနေတာမျိုးတွေ မရှိဘဲ အကြောင်းအရင်း မရှိ ကိုယ်အလေးချိန် ကျသွားတာ၊ တက်လာတာတွေကလည်း စိတ်ဓာတ်ကျမှုရဲ့ လက္ခဏာပါတဲ့နော်။
- အိပ်စက်မှု ပုံစံပြောင်းလဲတာ
အရမ်းပင်ပန်းနေတာတောင် အိပ်မပျော်တာ၊ အကြောင်းအရင်း မရှိဘဲ အမြဲလိုလို အိပ်ရာထဲ ခွေနေပြီး အိပ်နေချင်တာတွေ ဖြစ်နေမယ်ဆိုရင်လည်း စိတ်ကျလက္ခဏာ ခံစားနေရတာပါ။
- ပျော်ဖို့တောင် သတိပေးနေရတာ
ရယ်ရမယ့် အနေအထားမျိုးကိုတောင် မနည်းပြုံးနေရတာ၊ ဟာသတွေ ဖတ်ရင်းတောင် ပျော်စရာကောင်းတယ်လို့ မခံစားရတာ၊ ပျော်စရာကောင်းတဲ့ ကာတွန်းကား ကြည့်ရင်းတောင် ဘာရယ်မဟုတ် ငိုချင်တာတွေ ခံစားနေရတာကလည်း စိတ်ကျမှု အစပျိုးနေတာပါ။
- အမြဲလိုလို ပင်ပန်းနေတာ
လုပ်နေကျအလုပ်ကို လုပ်နေပေမယ့် အရမ်းကို ပင်ပန်းနေတာ လမ်းလေး နည်းနည်းလောက် လျှောက်လိုက်ရတာ ကိုပဲ အရမ်းပင်ပန်းနေတာမျိုး ခံစားရမယ်ဆိုရင်လည်း သင်စိတ်ဓာတ်ကျနေတာ ဖြစ်နိုင်ပါတယ်။
- အကောင်းမြင်တာထက် အရာရာကို အဆိုးပိုမြင်လာတာ
အခြေအန တစ်ရပ်ရပ်ကို ရှု့မြင်တဲ့အခါအကောင်းမြင်နိုင်ဖို့ ခက်ခဲပြီး မဖြစ်နိုင်ပါဘူးဆိုတဲ့ အပျက်သဘောတွေ အဆိုးတွေပဲ မြင်လာမယ်ဆိုရင်လည်း စိတ်ဓာတ်ကျနေတာပါနော်။
ကဲ …… ကိုယ်တိုင်ရော စိတ်ဓာတ်ကျနေသေးလား? တကယ်စိတ်ဓာတ်ကျနေတာဟုတ်ရဲ့လား?