အပြင်ရောက်လို့ ခံတွင်းနံ့ နံနေရင် ဒီလိုအမြန်ဖြေရှင်းပါ
ခံတွင်းအနံ့ဆိုးထွက်တဲ့ ပြဿနာဟာ အဖြစ်အများဆုံး ခံတွင်းပြဿနာထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ့်အတွက် ဘာမှမထူးဆန်းဘူးဆိုရင်တောင် ဘေးပတ်ဝန်းကျင်က လူတွေအတွက် ကိုယ့်ရဲ့ခံတွင်းအနံ့ဆိုးက ပြဿနာဖြစ်စေနိုင်တာကို သတိပြုသင့်ပါတယ်။ အကယ်လို့ ကိုယ်က အလုပ်ကိစ္စနဲ့ပတ်သက်ပြီး လူတွေနဲ့ အနီးကပ်စကားပြောဖို့ လိုလာပြီ၊ အပြင်မှာရောက်နေတဲ့အတွက် သွားတိုက်လို့လည်း အဆင်မပြေဘူးဆိုရင်တော့ ဒီနည်းလမ်းတွေကို လုပ်ကြည့်နိုင်ပါတယ်။
- ရေသန့်နဲ့ ပါးစပ်ကို ပလုတ်ကျင်းပေးပါ။
- အိတ်ဆောင် ခံတွင်းသန့်ဆေးရည်ဘူးတွေကို ဆောင်ထားပြီး ပလုတ်ကျင်းပေးပါ။
- အလုပ်ကိစ္စမတိုင်ခင် တစ်နာရီအလိုမှာ အနံ့ပြင်းတဲ့ အစားအစာတွေကို မစားပါနဲ့။
- ဆေးလိပ် မသောက်ထားပါနဲ့။
- ပူရှိန်းသကြားလုံး ဒါမှမဟုတ် သကြားမပါတဲ့ ပီကေတစ်ခုခု စားပါ။
- ရေများများသောက်ပေးပါ။
အိမ်မှာကတည်းက လုပ်ပေးလို့ရနိုင်တဲ့ နည်းလမ်းတွေကတော့
- မနက်စောစော ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ စနစ်တကျသွားတိုက်ပါ။
- လျှာခြစ်တံကို အသုံးပြုပြီး လျှာပေါ်က အရိအချွဲတွေကို ဖယ်ရှားပါ။
- သွားပွတ်ကြိုး (Floss) နဲ့ သွားကြားထဲက စားကြွင်းစားကျန်တွေကို ဖယ်ရှားပါ။
- ခံတွင်းသန့်စင်ဆေးရည်နဲ့ ခံတွင်း၊ အာခေါင်ထိရောက်အောင် ပလုတ်ကျင်းသန့်ရှင်းပါ။
- မနက်စာကို ပေါ့ပေါ့ပါးပါးဖြစ်ပြီး အနံ့မထွက်စေလောက်မယ့် အစားအစာတွေ စားပေးပါ။
- အချိုရှောင်ပါ။
ခံတွင်းအနံ့ဆိုးခြင်းဟာ ရုတ်တရက်ကြည့်ရင်တော့ ဘာမှမဖြစ်လောက်တဲ့ သာမန်ပြဿနာတစ်ခုလို့ ထင်ရနိုင်ပေမယ့် အချိန်ကြာလာတဲ့အခါ ကိုယ့်ရဲ့ခံတွင်းထဲမှာ ရောဂါပိုးပေါင်းစုံ ပွားများလာပြီး၊ ခံတွင်းရောဂါ၊ သွားဖုံးရောဂါ၊ သွားတွေ ပျက်စီးပြီး အပေါ်ယံကြွေလွှာတွေ ပါးလာတာ၊ သွားပိုးစားတာ စတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တာကို သတိပြုသင့်ပါတယ်။
ဒါကြောင့် တတ်နိုင်ရင် (၆) လ တစ်ကြိမ် သွားဆေးခန်းကို သွားပြပြီး ကိုယ့်ခံတွင်းသန့်ရှင်းရေးနဲ့ ခံတွင်းစစ်ဆေးတာတွေကို လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။
ရဲမျိုးမြတ်