ပရိုတင်းမှုန့် သောက်တာ ကောင်းသလား၊ သောက်ဖို့ရောလိုလား
ပရိုတင်းမှုန့်ဆိုတာ Gym ကစားတဲ့သူတွေ အထူးသဖြင့် ကြွက်သားထုတင်ချင်တဲ့ အမျိုးသားတွေ အမြဲတမ်း သောက်လေ့သောက်ထရှိတဲ့ ဖြည့်စွက်စာတစ်မျိုးဖြစ်ပါတယ်။ တချို့တွေကတော့ ပရိုတင်းမှုန့်ကို မသောက်သင့်ဘူး၊ ကျန်းမာရေးနဲ့ ထိခိုက်မယ်လို့ ပြောတတ်ကြပေမယ့် တကယ်တမ်းမှာ ပရိုတင်းမှုန့်သောက်လို့ ကျန်းမာရေး ထိခိုက်စေတာမျိုး မရှိပါဘူး။
ဘာကြောင့် ပရိုတင်းမှုန့်သောက်ကြတာလဲဆိုရင် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို အချိန်တိုအတွင်း ရချင်လို့ပဲ ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် ကြွက်သားတက်ဖို့ ပရိုတင်းဓာတ် လိုအပ်ပါတယ်။ အဲဒီတော့ ကိုယ်က အစာအာဟာရကို သေချာဂရုမစိုက်တဲ့အခါ လိုသလောက် ပရိုတင်းဓာတ်မရရင် ကြွက်သားတက်နှေးသလို၊ လေ့ကျင့်ခန်းလုပ်ရင်လည်း အားစိုက်ထုတ်မှု လျော့သွားနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ပရိုတင်းရဖို့ အသားတွေ အလွန်အကျွံစားလိုက်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်သွားစေနိုင်တဲ့အတွက် အသားကို သင့်တော်ရုံလောက်စားပေးပြီး ကျန်တဲ့လိုအပ်တဲ့ ပရိုတင်းဓာတ်တွေကို ဖြည့်စွက်စာကနေ တစ်ဆင့် ယူပေးရတာပါ။
ဒီလိုကောင်းကျိုးအပြင် ပရိုတင်းမှုန့် ပုံမှန်သောက်ပေးမယ်ဆိုရင်
- ၁။ ကယ်လိုရီ၊ အဆီနဲ့ ပရိုတင်းဓာတ်တွေကို အတိအကျရစေတဲ့အတွက် တစ်နေ့တာ အစာအာဟာရကို တွက်ချက်တဲ့အခါ ပိုလွယ်ကူသွားနိုင်တယ်။
- ၂။ လေ့ကျင့်ခန်း အဆက်မပြတ်လုပ်နေရခြင်းကြောင့် ခန္ဓာကိုယ်က အာဟာရဓာတ်တွေ အများအပြားသုံးစွဲနေရတဲ့အခါ ပရိုတင်းဓာတ်မနည်းသွားအောင် ထိန်းပေးပါတယ်။
- ၃။ ကိုယ်အလေးချိန်ကို လိုချင်တဲ့အနေအထားရောက်အောင် ထိန်းပေးနိုင်ပါတယ်။
- ၄။ ကြွက်သားထု တက်တာမြန်စေပြီး ခန္ဓာကိုယ်ကြွက်သားနေရာအနှံ့ကို ပရိုတင်းထောက်ပံ့ပေးနိုင်လို့ လေ့ကျင့်ခန်းလုပ်တဲ့ အကျိုးအာနိသင်ကို ပိုရစေပါတယ်။
- ၅။ တစ်နေ့တာအတွက် အဆာခံစေပြီး ဗိုက်ပြည့်စေတယ်။ အစာအများကြီးစားစရာမလိုဘဲ လိုအပ်တဲ့အာဟာရဓာတ်တွေ ရနိုင်ပါတယ်။
- ၆။ လေ့ကျင့်ခန်းလုပ်နေစဉ်မှာလည်း ပရိုတင်းသောက်ပေးခြင်းဖြင့် ကုန်သွားတဲ့အားတွေကို ပြန်ဖြည့်ပေးသလို လေ့ကျင့်ခန်းကို အားစိုက်လုပ်ဖို့ ကူညီပေးနိုင်ပါတယ်။
- ၇။ လေ့ကျင့်ခန်းလုပ်ပေးလို့ စုတ်ပြဲသွားတဲ့ ကြွက်သားမျှင်တွေ၊ တစ်ရှူးတွေကိုလည်း အလျင်အမြန်ပြန်ပြင်ပေးပါတယ်။
- ၈။ ပရိုတင်းမှုန့်သောက်ပေးခြင်းဖြင့် အစာအိမ်က ဒီအာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်သလို၊ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်ပျက်မှုတွေကိုလည်း မြန်စေလို့ ကယ်လိုရီလောင်ကျွမ်းနှုန်းပါ မြန်စေနိုင်ပါတယ်။
လေ့ကျင့်ခန်းမလုပ်ရင်ရော ပရိုတင်းမှုန့် သောက်ပေးဖို့ လိုလား။
Gym ဆော့တဲ့ရက်တွေမှာ ပရိုတင်းမှုန့်သောက်ပေးတာ အကောင်းဆုံးဆိုပေမယ့် ပုံမှန်ရက်တွေမှာ သောက်ပေးလို့လည်း တူညီတဲ့အကျိုးအာနိသင်တွေကို ရစေပါတယ်။ Gym ဆော့သူတွေမှာလည်း ကိုယ်ခန္ဓာအချိုးအစား ပြောင်းလဲဖို့အတွက် ပရိုတင်းမှုန့်ကို သောက်ပေးနိုင်သလို၊ အသက်ကြီးသူတွေမှာ ပရိုတင်းဓာတ် ပြတ်လပ်မှုမဖြစ်စေအောင် သောက်ပေးလို့လည်း ရပါတယ်။ ဖြည့်စွက်စာအမျိုးအစားချင်းတော့ ကွဲသွားနိုင်ပါတယ်။
ပရိုတင်းမှုန့်ကို သောက်ဖို့အတွက် စည်းမျဉ်းစည်းကမ်း အတိအကျ သတ်မှတ်ထားတာမျိုး မရှိပေမဲ့
- ၁။ တစ်ရက်ကို တစ်ခွက်ပဲ သောက်မယ်ဆိုရင် Gym ကစားနေစဉ် ဒါမှမဟုတ် Gym ကစားပြီးနောက်ပိုင်း သောက်ပေးပါ။
- ၂။ တစ်ရက်ကို နှစ်ခွက်သောက်သူတွေအနေနဲ့ Gym မကစားခင် အချိန်နည်းနည်းခြားပြီး တစ်ခွက်၊ Gym ကစားနေစဉ် ဒါမှမဟုတ် Gym ကစားပြီးမှာ နည်းနည်းစီ ခွဲသောက်ပေးပါ။
- ၃။ တစ်ရက်ကို ပုံမှန်အားဖြင့် ၃ ခွက်လောက်ထိ သောက်ပေးဖို့တော့ လိုပါတယ်။
- ၄။ အဓိက ကိုယ်အလေးချိန်ထိန်းချင်သူတွေ၊ အသားမြန်မြန်တက်ချင်သူတွေအနေနဲ့ ရိုးရိုး Protein Shake ကို သောက်ပေးပါ။ အသားတက်ပြီးသားသူတွေ ကိုယ်ခန္ဓာအကျစ်လိုချင်တယ်၊ အဆီလုံးဝနည်းပြီး ကြွက်သားပဲတက်ချင်တယ်ဆိုရင်တော့ Whey Protein Shake သောက်ပေးပါ။ အသက်ကြီးသူတွေအနေနဲ့ ကျန်းမာရေးအရ သောက်ပေးတာဆိုရင် လူကြီးသောက် နို့မှုန့်၊ ပရိုတင်းမှုန့်ဖြည့်စွက်စာတွေ သောက်ပေးနိုင်ပါတယ်။
- ၅။ ပရိုတင်းမှုန့်ကို ရေနွေးနဲ့ရော၊ နွားနို့နဲ့ပါ သောက်ပေးလို့ ရပါတယ်။ အဓိက အမှုန့်တွေအားလုံး အရည်ထဲ ပျော်ဝင်သွားစေဖို့ ဘူးကို သေချာလှုပ်ပေးဖို့တော့ လိုပါမယ်။
- ၆။ ပရိုတင်းမှုန့်သည် အားဆေးဖြစ်တဲ့အတွက် ရေများများ သောက်ပေးဖို့တော့ လိုပါမယ်။
- ၇။ ပရိုတင်းမှုန့်သည် ဖြည့်စွက်စာဖြစ်တဲ့အတွက် သူ့တစ်ခုတည်းကို အားကိုးလို့မရဘဲ အစာအာဟာရ စုံလင်အောင် စားပေးဖို့၊ အိပ်ချိန်မှန်ဖို့ကိုလည်း မေ့ထားလို့တော့ မဖြစ်ပါဘူး။
ဒီတော့ ပရိုတင်းမှုန့်သောက်လို့ ကျန်းမာရေးထိခိုက်မှာ ကြောက်နေသူတွေအနေနဲ့ ဒီဆောင်းပါးကိုဖတ်ပြီး စိတ်အေးရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်