ပီကျူထရီအကျိတ်ရောဂါ
ပီကျူထရီဂလင်းဟာ နှာခေါင်းရဲ့အနောက်ဘက် ဦးနှောက်အောက်ခြေပိုင်းမှာရှိတဲ့ ပဲစေ့အရွယ်ခန့်ရှိတဲ့ ဂလင်းလေးပါ။ သူဟာ Adrenocorticotrophic Hormone(ACTH) ၊ Lutetnising Hormone (LH) ၊ Thyroid Stimulating Hormone (TSH) ၊ Growth Hormone (GH) ၊ Follicle Stimulating Hormone (FSH) ၊ Prolactin (PRL) စတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဥ်များစွာမှာ ပါဝင်ပါတယ်။
ပီကျူထရီအကျိတ်ဟာ များသောအားဖြင့် ကင်ဆာမဟုတ်တတ်ပါဘူး။ အများဆုံးဖြစ်တတ်တာက Pitutary Adenomas လို့ခေါ်တဲ့ အကျိတ်ဖြစ်ပြီး တခြာအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားလေ့မရှိပါ။
ပီကျူထရီအကျိတ်မှာ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ Functioning Tumor နဲ့ ဟော်မုန်းမထုတ်နိုင်တဲ့ Non-functioning Tumor ဆိုပြီး ရှိပါတယ်။ Non-functioning Tumor ဟာ အကျိတ်ကြောင့် ဖြစ်တဲ့ လက္ခဏာတွေကိုသာ ခံစားရတတ်ပါတယ်။
ရောဂါလက္ခဏာ…
ပီကျူထရီအကျိတ်ရှိတိုင်း ရောဂါလက္ခဏာ မပြပါဘူး။ တချို့လက္ခဏာတွေဟာ ဟော်မုန်းမညီမျှမှုကြောင့် ဖြစ်ပြီး တချို့ကတော့ အကျိတ်ရဲ့ဖိအားကြောင့် ဖြစ်တတ်ပါတယ်။
- ခေါင်းကိုက်တာ
- အမြင်ဝါးတာ၊ နှစ်ထပ်မြင်တာ၊ ဘေးဘက်တွေကို မမြင်ရတာ (အကျိတ်က မျက်စိအာရုံကြော Optic Nerve ကို ဖိမိလို့ ဖြစ်တာပါ)
- မျက်ခွံတွဲကျတာ
- ပျို့အန်တာ
- တက်တာ
- မျက်နှာနဲ့ နားရွက်တွေနာနေတာ စတဲ့လက္ခဏာတွေက အကျိတ်ရဲ့ဖိအားကြောင့် ဖြစ်တာပါ။
- မောပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေတာ
- လိင်စိတ်ဆန္ဒမရှိတာ ၊ လိင်တံထောင်မတ်နိုင်စွမ်း မရှိတာ
- ရာသီမမှန်တာ
- ကိုယ်အလေးချိန်တက်တာ၊ ကျတာတွေ ဖြစ်နိုင်ပါတယ်။
1. ACTH ဟော်မုန်းများတဲ့အခါ cortisol တွေ ထွက်လာပြီး Cushion Disease လို့ခေါ်တဲ့ မျက်နှာဖောင်းလာတာ၊ ခြေလက်တွေ သေးကာအားနည်းပြီး ခန္ဓာကိုယ်အလယ်ပိုင်းက ဝလာဖောလာတာ (လိမ္မော်သီးကို တုတ်ထိုးထားတဲ့ပုံစံမျိုး ဖြစ်နေတာ)၊ ဝက်ခြံထွက်တာ၊ ရာသီမမှန်တာ၊ လိင်စိတ်ဆန္ဒလျော့တာ၊ အသားအရောင်မဲလာတာ၊ အနာကျက်မလွယ်တာ၊ အညိုအမဲစွဲလာတာ စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
2. Growth Hormone (GH) များတဲ့အခါ ခြေလက်တွေ တုတ်ခိုင်လာတာ၊ အသားအရေထူလာတာ၊ အဆစ်အမြစ်တွေနာတာ၊ အသံသြလာတာ၊ ချွေးထွက်များပြီး အနံ့နံတာနဲ့ ကလေးတွေမှာဆိုရင် ပုံမှန်ထက် အဆမတန်ကြီးထွားပြီး အရပ်ရှည်လာတာမျိုးတွေ တွေ့ရပါမယ်။
3. LH နဲ့ FSH ဟော်မုန်းများတဲ့ အမျိုးသမီးတွေဟာ ရာသီမမှန်တာ၊ မျိုးမအောင်တာတွေ ဖြစ်တတ်ပြီး အမျိုးသားဆိုရင်တော့ ဝှေးစေ့တွေ ကြီးလာတာ၊ တက်စတိုစတီရုန်းကျားဟော်မုန်း များတာတွေ ဖြစ်တတ်ပါတယ်။
4. Prolactin (PRL) ဟော်မုန်းများတဲ့ အမျိုးသမီးတွေမှာ ရာသီမလာတာ သို့မဟုတ် မမှန်တာ၊ ရင်သားနာကျင်တာ၊ ကလေးမမွေးဘဲ နို့ထွက်နေတာ၊ မျိုးမအောင်တာ၊ လိက်စိတ်ဆန္ဒနည်းတာတွေ ဖြစ်ပြီး အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒနည်းတာ၊ ရင်သားတွေ ကြီးလာတာနဲ့ မျိုးပွားမှု ပြဿနာတွေ တွေ့ရတတ်ပါတယ်။
5. TSH ဟော်မုန်းများနေရင် ကိုယ်အလေးချိန်ကျတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ မမှန်တာ၊ လက်တုန်တာ၊ စိတ်လှုပ်ရှား စိတ်အလိုမကျဖြစ်လွယ်တာ၊ အိပ်မပျော်တာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အထက်ပါ လက္ခဏာတွေထဲကတချို့ ခံစားနေရပြီးဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ရောဂါရှာဖွေ သင့်ပါတယ်။
ကုသမှုအနေနဲ့…
- ခွဲစိတ်ပြီး အကျိတ်ကို ဖယ်ရှားတာ
- ဓာတ်ရောင်ခြည် ကင်တာ
- များနေတဲ့ဟော်မုန်းကို ပုံမှန်ပြန်ရောက်အောင် ဆေးပေးကုသတာတွေကို လူနာအခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်ပါတယ်။
ပီကျူထရီအကျိတ်ဟာ ကင်ဆာမဟုတ်တတ်ပေမယ့်လည်း ကုသမှုမခံယူရင် နောက်ဆက်တွဲဆိုးကျိုးတွေ (ဥပမာ…မျက်စိမမြင်ရတော့တာ) ဖြစ်နိုင်သလို အကျိတ်အရွယ်အစားကြီးလာတဲ့အခါ ကုသရန် ခက်ခဲတာမျိုးလည်း ဖြစ်နိုင်တာမို့ စောစီးစွာ သိရှိပြီး ကုသမှုခံယူနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်