ကမ္ဘာပေါ်မှာ နံပါတ်တစ် အဖြစ်အများဆုံး ကင်ဆာရောဂါအကြောင်း
ခေါင်းအစခြေအဆုံး ကင်ဆာရောဂါ အမျိုးအစားပေါင်းများစွာ ရှိတဲ့အထဲမှာနံပါတ်တစ်အဖြစ်အများဆုံးကင်ဆာကတော့ ရင်သားကင်ဆာရောဂါပါ။ ကင်ဆာရောဂါဝေဒနာရှင် စုစုပေါင်းရဲ့ ၁၂.၅ ရာခိုင်နှုန်းဟာ ရင်သားကင်ဆာရောဂါ ခံစားနေရသူတွေ ဖြစ်ပါတယ်။
အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်နှုန်းဟာ ရင်သားကင်ဆာရောဂါ ခံစားနေရပြီး အများစုက အသက် ၅၀ ကျော်တွေပေမယ့် ငယ်ရွယ်သူများမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ရှားပါးပေမယ့် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာဟာ စောစီးစွာသိရရင် ကုသပျောက်ကင်းနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။
ဘယ်လို ရောဂါလက္ခဏာတွေ ရှိရင် ရင်သားကင်ဆာ စစ်ဆေးသင့်သလဲ?
- ရင်သား တစ်ဖက်နဲ့ နောက်တစ်ဖက်က အရွယ်အစား၊ ပုံသဏ္ဍာန် မတူညီတာ
- နို့သီးခေါင်းတစ်ဖက်ဖက်ကနေ အရည် သို့မဟုတ် သွေးထွက်လာတာ
- ရင်သားမှာ သို့မဟုတ် ချိုင်းကြားမှာ အကျိတ်စမ်းမိတာ
- ရင်သားရဲ့ အရေပြားက ချိုင့်ဝင်နေတာ
- နို့သီးခေါင်းနဲ့ အနီးတဝိုက်မှာ နီရဲနေတာ
- နို့သီးခေါင်းပုံသဏ္ဍာန် ပြောင်းလာတာ၊ ချိုင့်ဝင်နေတာ
- ရင်သားမှာ အနာဖြစ်တာတွေ ရှိရင် ရင်သားကင်ဆာ ရှိမရှိ စစ်ဆေးသင့်ပါပြီ။ ရင်သားနာကျင်တာဟာ အများအားဖြင့် ရင်သားကင်ဆာရဲ့ လက္ခဏာမဟုတ်ပါဘူး။
ဘယ်လိုလူတွေ အဖြစ်များသလဲ?
- အသက်ကြီးတဲ့သူတွေ
- မိသားစုထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူတွေ
- အရင်က ရင်သားကင်ဆာ ဖြစ်ဖူးသူတွေ
- အရပ်ရှည်သူ၊ အဝလွန်သူတွေ
- အရက်သောက်သူ၊ ဆေးလိပ်သောက်သူတွေ
- ဟော်မုန်းအစားထိုးကုသမှု ခံယူသူတွေ
- ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးသူတွေမှာ အဖြစ်များပါတယ်။
ဒီလိုအချက်တွေ ရှိနေရင်တော့ Breast Cancer Screening လို့ခေါ်တဲ့ ရင်သားကင်ဆာ စစ်ဆေးခြင်း (Mammogram ရင်သားဓာတ်မှန် ရိုက်တာ) ကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။
ဘယ်လို သိနိုင်မလဲ?
ရင်သားကင်ဆာလို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသကာ
- အသားစယူပြီး ဓာတ်ခွဲစစ်ဆေးခြင်း (Biopsy)
- Mammogram လို့ခေါ်တဲ့ ရင်သားဓာတ်မှန်ရိုက်ခြင်း တို့ဖြင့် သိရှိနိုင်ပါတယ်။
ကုသမှုအနေနဲ့…
- ရင်သားကို ခွဲစိတ်ဖြတ်ထုတ်တာ
- ဓာတ်ရောင်ခြည်ကင်တာနဲ့
- ခီမိုကင်ဆာဆေးသွင်းတာကို ပေါင်းစပ်လုပ်ဆောင်ပါတယ်။ (အရင်ဖြတ်ထုတ်ပြီးမှ ဓာတ်ကင်တာနဲ့ ဆေးသွင်းတာပါ)။
ကင်ဆာကုသမှု ခံယူနေချိန်နဲ့ ခံယူပြီးချိန်မှာ အာဟာရဖြစ်မယ့် အစားအသောက်တွေ ဦးစားပေးစားသောက်တာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ စိတ်ဖိစီးမှုနည်းအောင်နေတာ၊ အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းတာတွေက အများကြီး အထောက်အကူပေးပါတယ်။
ရင်သားကင်ဆာဟာ သေချာပေါက်သေမယ့်ရောဂါ မဟုတ်ပါဘူး။ ရောဂါရှင်အနေနဲ့ စိတ်ဓာတ်မကျအောင် မိသားစုဝင်တွေက ဖေးမကူညီဖို့ လိုအပ်ပါတယ်။ စောစီးစွာ ကုသမှုသေချာ ခံယူရင် သက်တမ်းစေ့နေနိုင်မှာမို့ ရင်သားကင်ဆာကို အမြဲသတိရှိကြဖို့တော့ လိုပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်
![]() |
San San Lwin ![]() |
ညာဘက်ရင်သားမှာအကြိတ်တွေ့လို့ပါ