ခီမို ကင်ဆာဆေးကုသမှု အကြောင်း (Chemotherapy)
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါ ဒုတိယအဖြစ်အများဆုံးနိုင်ငံပါ။ ကင်ဆာရောဂါရှင်တွေ များလားလာတာနဲ့အမျှ ကင်ဆာကုထုံးတွေကိုလည်း ကြားဖူးနားဝ လက်ပွန်းတတီး ဖြစ်လာကြပါပြီ။
ကင်ဆာရောဂါဖြစ်လို့ ခွဲစိတ်ဖယ်ရှားဖို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ခီမို (Chemo) ဆေးသွင်းခြင်းလို့ ခေါ်တဲ့ ဆေးသွင်းကုသမှု (Chemotherapy) ကို ကင်ဆာရောဂါ အားလုံးနီးပါးမှာ အသုံးပြုလေ့ ရှိပါတယ်။
Chemotherapy ဆိုတာ ဘာလဲ?
Chemotherapy ဆိုတာ ကင်ဆာဆဲလ်တွေကို သတ်တဲ့ကုသမှုတစ်ခုပါ။ ခွဲစိတ်ကုသတာ၊ ဓာတ်ရောင်ခြည်ကင်တာတွေလို ကင်ဆာဖြစ်နေတဲ့ ဧရိယာက ကင်ဆာဆဲလ်တွေကိုတင် ဖယ်ရှားတာမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးပါတယ်။
Chemotherapy ကို ဘာအတွက် ပေးသလဲ?
- တချို့လူနာတွေမှာ ကင်ဆာဆဲလ်တွေ အားလုံးကို ဖျက်ဆီးပစ်ပြီး လုံးဝပျောက်ကင်းသွားနိုင်ဖို့ ပေးတာ (curative therapy)။
- တခြားကုသမှုတွေ ပိုမိုထိရောက်စေဖို့ အတူတွဲပေးတာ (ဥပမာ…ဓာတ်ရောင်ခြည်ကုသမှု မယူခင် ၊ ခွဲစိတ်ကုသမှု မတိုင်ခင် ကင်ဆာဆဲလ်တွေ ကျုံ့သွားအောင် ပေးရတဲ့ neo-adjuvant chemotherapy)
- ခွဲစိတ်ကုသပြီးမှ၊ ဓာတ်ရောင်ခြည်ကင်ပြီးမှ ပေးတာ (adjuvant chemotherapy)
- ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တော့လို့ ရောဂါဝေဒနာတွေ သက်သာအောင်ပဲ ပေးတာ( palliative chemotherapy) စသဖြင့် အမျိုးမျိုး ရှိပါတယ်။
ဘယ်လိုပေးသလဲ?
- Intravenous chemotherapy…သွေးပြန်ကြောထဲ ထည့်ပေးတာ
- Intrathecal chemotherapy…ခါးရိုးထဲရှိ cerebrospinal fluid ထဲသို့ ထိုးပေးတာ
- Intraarterial chemotherapy…သွေးလွှတ်ကြောထဲ တိုက်ရိုက်ထိုးပေးတာ
- Intraperitoneal chemotherapy…ဝမ်းဗိုက်ခေါင်းထဲသို့ သွင်းပေးတာ (ခွဲစိတ်ကုသစဥ် တိုက်ရိုက်ထည့်နိုင်သလို ပိုက်ကတဆင့်လည်း သွင်းပေးနိုင်ပါတယ်)
- Injection…ကြွက်သားထဲသို့ ထိုးပေးတာ (တင်ပါး၊ ပေါင်၊ လက်မောင်းကြွက်သား စသည်)
- Oral chemitherapy…ဆေးလုံး၊ ဆေးရည်အနေနဲ့ သောက်ဆေးပေးတာ
- Topical chemitherapy…လိမ်းဆေးခရင်မ်အနေနဲ့ ပေးတာ စသဖြင့် chemotherapy ပုံစံအမျိုးမျိုး ပေးလို့ရပါတယ်။
ကင်ဆာရောဂါအမျိုးအစား၊ ရောဂါပြင်းထန်မှု၊ ကင်ဆာဆဲလ်တွေ ပျံနှံမှု နဲ့ ပေးတဲ့ ခီမိုအမျိုးအစားပေါ်မူတည်ပြီး ကုသချိန်ကွာနိုင်ပါတယ်။ ခီမိုဆေးကို အများအားဖြင့် Cycles နဲ့သတ်မှတ်ပါတယ်။ ဥပမာ- 4 Weeks Cycles ကုသမှုဆိုရင် ခီမိုဆေးတစ်ပတ်ပေးပြီး ၃ ပတ်နားတာကို Cycle တစ်ခုလို့ ခေါ်ပါတယ်။ Cycle ဘယ်နှစ်ခု ပေးမလဲဆိုတာ ကင်ဆာအထူးကုဆရာဝန်က ဆုံးဖြတ်ပါတယ်။
ဘေးထွက်ဆိုးကျိုးတွေ…
ခီမိုနဲ့ ဘေးထွက်ဆိုးကျိုးဟာ ခွဲလို့မရပါဘူး။ ဇာတ်ကားတွေထဲမှာ တွေးဖူးနေကျ ကင်ဆာရောဂါရှိရင် ဆံပင်တွေကျွတ်ပြီး ကတုံးဖြစ်သွားတာမျိုး ဟာ ခီမိုကြောင့်ပါပဲ။ ဆံပင်ကျွတ်တာအပြင်
- မောပန်းနုံးချိနေတာ
- ကိုယ်ခံအားနည်းပြီး ရောဂါပိုးတွေ ဝင်ရောက်လွယ်တာ
- ဝမ်းလျှောတာ သို့မဟုတ် ဝမ်းချုပ်တာ
- ပျို့အန်တာ
- ပါးစပ်မှာ အနာဖြစ်ပြီး မစားချင်မသောက်ချင်ဖြစ်တာ
- ခန္ဓာကိုယ်ယားယံပြီး အနာဖြစ်တာတွေ အဖြစ်များပါတယ်။
မိသားစုဝင်တွေက နားလည်ပေးပြီး ဖေးမပြုစုဖို့ အလိုအပ်ဆုံးအချိန်ပါပဲ။
ကင်ဆာရှိနေရင် ခီမိုကုသမှု ခံယူဖို့ ကြောက်မနေသင့်ပါဘူး။ ကုသမှုပြီးသွားတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ပျောက်ကင်းသွားမှာဖြစ်သလို ကင်ဆာရောဂါလည်း အနည်းနဲ့အများ သက်သာပျောက်ကင်းမှာမို့ပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်