ပန်ကရိယ ကင်ဆာ (မုန့်ချိုအိတ်ကင်ဆာ)
လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း ပြောကြတဲ့အခါ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်စသည်တို့အကြောင်းကို သိတဲ့သူများပေမယ့် (ဥပမာ…နှလုံးဆိုရင် ရင်ခေါင်းထဲမှာ ရှိပြီး သွေးလှည့်ပတ်မှုအတွက် လုပ်ဆောင်တယ် စသဖြင့်) ပန်ကရိယလို့ ပြောလိုက်ရင် ဘယ်နေရာမှာ ရှိပြီး ဘာလုပ်ပေးတယ်ဆိုတာကို မသိကြတာ များပါတယ်။
ပန်ကရိယကို သိပ်မသိကြပေမယ့် ဆီးချိုရောဂါမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ အရေးကြီးလှတဲ့ အင်ဆူလင် ဟော်မုန်းကိုတော့ သိကြမှာပါ။ မုန့်ချိုအိတ်လို့လည်း ခေါ်ကြတဲ့ ပန်ကရိယဟာ အင်ဆူလင်ဟော်မုန်းတွေကို အဓိကထုတ်လုပ်ပေးနေတဲ့ နေရာဖြစ်ပါတယ်။
ပန်ကရိယဟာ ဝမ်းဗိုက်အတွင်း အစာအိမ်ရဲ့နောက်ဘက်မှာ တည်ရှိပြီး ၆ လက်မခန့်ရှည်ပါတယ်။ ပန်ကရိယရဲ့ အဓိက လုပ်ငန်းနှစ်ခု ရှိပါတယ်။
(၁) အစာခြေအင်ဇိုင်းတွေ ထုတ်လုပ်ကာ Duodenum အူသိမ်ထဲကို ပို့ဆောင်ပေးပြီး အစာခြေစနစ်မှာ ပါဝင်ကူညီပေးပါတယ်။
(၂) Insulin (အင်ဆူလင်) နဲ့ Glucagon ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းတွေက သွေးကြောထဲက Glucose သကြားဓာတ်တွေကို စွမ်းအင်အဖြစ်အသုံးပြုဖို့ ခန္ဓာကိုယ်အနှံ့ကို ပို့ဆောင်ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
ပန်ကရိယမှာ ကင်ဆာဖြစ်တဲ့အခါ…
ပန်ကရိယကင်ဆာဟာ စောစောသိရရင် ကုသဖို့လွယ်ပေမယ့် အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြတာ ရှားပါတယ်။ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကင်ဆာဆဲလ်တွေ ပျံနှံ့သွားမှသာ ရောဂါလက္ခဏာပေါ်တတ်တာ များပါတယ်။
- အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျသွားတာ
- ဝမ်းဗိုက်အောင့်ပြီး ကျောဘက်ကပါအောင့်တာ
- အသားဝါလာတာ
- ဆီးအရောင်ရင့်တာ
- ဝမ်းအရောင်က ဖြူဖျော့ဖျော့ဖြစ်နေတာ
- အသားယားတာ
- မောပန်းပြီးနုံးချိနေတာ
- ဆီးချိုဖြစ်လာတာ သို့မဟုတ် ရှိပြီးသားဆီးချိုက ပိုဆိုးလာတာ စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။
ဆေးလိပ်သောက်တဲ့သူ၊ ဆီးချိုရောဂါရှိသူ၊ မျိုးရိုးဗီဇနဲ့ ပန်ကရိယကင်ဆာ မိသားစုရာဇဝင်ရှိသူ၊ ပန်ကရိယယောင်ဖူးသူ၊ အဝလွန်သူနဲ့ အသက် ၆၅ နှစ်ကျော်သူတွေမှာ ပန်ကရိယကင်ဆာ အဖြစ်များပါတယ်။
ကုသမှုအနေနဲ့…
- ခွဲစိတ်ဖြတ်ထုတ်တာ
- ကင်ဆာဆေးသွင်းတာ
- ဓာတ်ရောင်ခြည်ကင်တာ စသည်တို့ကို လူနာအခြေအနေပေါ်မူတည်ပြီး ပေါင်းစပ်ကုသလေ့ရှိပါတယ်။
ကာကွယ်ဖို့အတွက် ဆိုရင်…
- ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
- ကင်ဆာရောဂါကို ကာကွယ်တဲ့ Antioxidants ပါတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံတွေ များများစားပါ။
- ဆီးချိုရှိနေရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပါ။
- မိသားစုထဲမှာ ပန်ကရိယကင်ဆာဖြစ်ဖူးသူရှိရင် မိမိမှာလည်း ဖြစ်နိုင်မဖြစ်နိုင် သိရအောင် မျိးရိုးဗီဇဆိုင်ရာဆရာဝန်နဲ့ ဆွေးနွေးပါ။
ပန်ကရိယဖြတ်ထုတ်လိုက်ရရင် အစာခြေစနစ်နဲ့ သွေးတွင်းသကြားဓာတ်ထိန်းညှိဖို့ကို ဂရုစိုက်ရမှာပေမယ့် သက်တမ်းစေ့ နေလို့ရပါတယ်။ ဒါကြောင့် ရောဂါရှိမှန်း စောစောသိပြီး စောစောကုသမှု ခံယူနိုင်ဖို့ပဲ လိုအပ်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်