စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့
အေးမြတဲ့ ဆောင်းရာသီကိုလည်း ရောက်နေပါပြီ။ နွေရာသီလို ချွေးတလုံးလုံးနဲ့လည်း မဟုတ်၊ မိုးရာသီလို စိုစိုစိစိနဲ့လည်း မဟုတ်တဲ့ ဆောင်းမနက်ခင်းတွေမှာ စောင်ခြုံကွေးပြီး ဇိမ်နဲ့နှပ်မနေဘဲ စောစောထပြီး အနီးအနားကို လမ်းလျှောက်တာဖြစ်ဖြစ်၊ အလုပ်ကို လမ်းလျှောက်သွားတာပဲဖြစ်ဖြစ် လုပ်ရင် အကျိုးကျေးဇူးတွေ အများကြီး ရပါလိမ့်မယ်။
ဘာတွေရမလဲ?
(1) စွမ်းအင်တွေ ပြည့်စေတယ်
အိပ်ယာထတာနဲ့ အပြင်ထွက်ပြီး အနီးအနားကို မိနစ် ၂၀ ခန့်လမ်းလျှောက်တာဟာ အိမ်ထဲက လမ်းလျှောက်စက်ပေါ်မှာ မိနစ် ၂၀ လျှောက်တာထက် စွမ်းအင် ပိုရစေပါတယ်။ စိမ်းလန်းတဲ့ ရှုခင်းတွေကြည့်ရင်း လျှောက်ရတာက ပိုပြီးလန်းဆန်းစေမှာပါ။ အပြင်ထွက်ပြီး ၁၀ မိနစ်ခန့် လှေကားတက်တာ၊ တောင်ကုန်းပေါ်တက်တာက အိပ်ရေးမဝတဲ့သူတွေမှာ ကော်ဖီ ၁၈ ခွက်သောက်တာနဲ့ ညီမျှတဲ့ စွမ်းအင်နဲ့ လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။
(2) တစ်နေ့တာအတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးသား ဖြစ်တယ်
လူတစ်ယောက်ဟာ ကျန်းမာစေဖို့ တစ်နေ့ကို နာရီဝက်ခန့် သို့မဟုတ် တစ်ပတ်မှာ ၁၅၀ကနေ ၃၀၀ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားသင့်ပါတယ်။ မနက်စောစော လမ်းလျှောက်ခြင်းဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ ကိုယ်လက်လက်ရှားမှုကို လုပ်ဆောင်ပြီးသား ဖြစ်စေပါတယ်။
(3) ရောဂါတွေ ကာကွယ်ထိန်းချုပ်ပေးတယ်
တစ်နေ့ကို နာရီဝက်လမ်းလျှောက်ရင် နှလုံးရောဂါဖြစ်နိုငိခြေကို ၁၉% လျှော့ချပေးနိုင်သလို ဆီးချိုရောဂါရှိရင်လည်း သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။ သက်ရှည်ကျန်းမာစေသလို ကင်ဆာလိုရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။
(4) ကိုယ်အလေးချိန် ကျစေတယ်
ဒါကတော့ လူတိုင်းသိပြီးသားပါပဲ။ လမ်းလျှောက်တာက ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ ကိုယ်အလေးချိန်ကျပြီး လှစေမှာပါ။
(5) စိတ်ကြည်လင်စေတယ်
မနက်စောစော လမ်းလျှောက်တဲ့အခါ စိတ်ကြည်လင်စေသလို အတွေးတွေကို ဆန်းသစ်စေပြီး ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တိုးစေပါတယ်။ သုတေသနတွေအရ အသက်ကြီးတဲ့သူတွေမှာ မှတ်ဥာဏ်ကောင်းစေပါတယ်။ ဒါကြောင့် စိတ်ရှုပ်စရာ Meeting တွေ၊ အလုပ်တွေ စုပုံလုပ်ရမယ့်နေ့ဆို မနက်စောစော လမ်းထလျှောက်ပါ။
(6) စိတ်ခံစားမှု ကောင်းစေတယ်
မနက်စောစော လမ်းလျှောက်တာက မုဒ် (Mood) ကောင်းစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုတွေကို လျှော့ချပေးနိုင်သလို စိတ်ကျရောဂါကိုလည်း သပ်သာစေပြီး ပင်ပန်းနွယ်နယ်မှုတွေကိုလည်း ပျောက်စေပါတယ်။
(7) ညဘက်မှာ ကောင်းစွာ အိပ်ပျော်စေတယ်
ဘာကြောင့်မှန်းသေချာမသိကြပေမယ့် မနက်စောစော လမ်းလျှောက်တဲ့သူတွေ၊ လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ညနေပိုင်းမှာ လုပ်တဲ့သူတွေထက် ပိုပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်တယ်လို သုတေသနတွေအရ သိရပါတယ်။ အိပ်မပျော်တဲ့ရောဂါ (Insomnia) ကိုလည်း သက်သာစေပါတယ်။
(8) ကြွက်သားတွေကို သန်မာစေတယ်
လမ်းလျှောက်တာ၊ တောင်ကုန်းတက်တာ၊ လှေကားတက်တာနဲ့ ပြေးစက်မှာပြေးတာ စတဲ့ ကိုယ်လက်လှုပ်ရှားမှု အားလုံးက ကြွက်သားတွေကို သန်မာစေပါတယ်။
(9) ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေ ရွေးချယ်ဖို့ အထောက်အကူ ပြုတယ်
မနက်စောစောလမ်းလျှောက်တာက အင်အားပြည့်စေသလို လန်းဆန်းစေလို့ မနက်စာ၊ နေ့လည်စာနဲ့ ညစာစားတဲ့အခါမှာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေကို ပိုပြီး ရွေးချယ်မိစေပါတယ်။ ပင်ပန်းနွမ်းနယ်နေလို့ အဆာပြေ snacks တွေ မကြာခဏ စားနေတာမျိုးလည်း ကင်းဝေးစေမှာပါ။
(10) ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်
ဒါကတော့ ပူအိုက်တဲ့ရာသီတွေနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ ပူအိုက်တဲ့ရာသီတွေမှာ မနက်စောစော အရမ်းမပူခင် လမ်းထလျှောက်တာက ချွေးထွက်စေလို့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးပါတယ်။
ဒီလို ကောင်းကျိုးတွေ အများကြီးရှိလို့ healtppy ရဲ့ fan လေးတွေလည်း ပျင်းမနေဘဲ၊ စောင်ခြုံပြီး ကွေးမနေဘဲ မနက်စောစောထပြီး နာရီဝက်လောက် လမ်းလျှောက်ကြပါစို့။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်