ကုရာနတ္ထိ ကလေးတွေမှာဖြစ်တတ်တဲ့ ဆီးချိုရောဂါ
ဆီးချိုရောဂါရှင် တော်တော်များများက လူကြီးတွေမို့ ကလေးတွေမှာရော ဆီးချိုမဖြစ်နိုင်ဘူးလားလို့ တွေးနေကြလား။
တကယ်က ကလေးတွေမှာလည်း ဆီးချိုဖြစ်ကြပါတယ်။
ဆီးချိုမှာ နံပါတ် ၁ (Type 1 Diabetes) နဲ့ နံပါတ် ၂ (Type 2 Diabetes) ဆိုပြီး ရှိရာမှာ ကလေးတွေမှာ နံပါတ် ၁ ဆီးချို ဖြစ်လေ့ရှိပါတယ်။
ဘာကြောင့်ဖြစ်တာလဲ?
နံပါတ် ၁ ဆီးချိုဟာ ခန္ဓာကိုယ်ထဲကနေ အင်ဆူလင်ကို လုံးဝနီးပါး သို့မဟုတ် လုံးဝ မထုတ်လုပ်နိုင်တော့တဲ့အတွက် ဖြစ်တာပါ။
အင်ဆူလင်ရဲ့တာဝန်က စားလိုက်တဲ့အစာတွေကို ခြေပြီးတဲ့အခါ ဂလူးကိုစ့်သကြားဓာတ်တွေကို သွေးကြောတွေထဲကို ပို့ပေးပါတယ်။ အင်ဆူလင်က အဲဒီသွေးကြောထဲက သကြားဓာတ်တွေကို ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေဆီပို့ပေးပြီး စွမ်းအင်ဖြစ်စေပါတယ်။ အင်ဆူလင်မရှိတဲ့အခါ သွေးကြောထဲမှာ သကြားဓာတ်တွေ စုပုံလာပြီး ဆီးချိုဖြစ်စေပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
ဘာကြောင့်ဖြစ်တာလဲဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပန်ကရိယ (မုန့်ချိုအိတ်) ထဲမှရှိတဲ့ အင်ဆူလင်ထုတ်ပေးတဲ့ဆဲလ်တွေကို မှားယွင်းစွာ တိုက်ခိုက်ဖျက်ဆီးမိလို့ ဖြစ်ရတာပါ။ များသောအားဖြင့် မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။
အဖြစ်များတဲ့သူတွေ…
- ဆီးချိုမျိုးရိုးရှိသူ
- မျိုးရိုးဗီဇ (Gene) ပါသူ
- လူဖြူတွေနဲ့
- ကိုယ်ခံအားစနစ်ကို ပြန်တိုက်တတ်တဲ့ တချို့ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တတ်ပါတယ်။
ရောဂါလက္ခဏာတွေ…
- တချိန်လုံးရေငတ်နေတာ
- ဗိုက်ခဏခဏဆာတာ
- ဆီးသွားများတာ၊ အိပ်ယာထဲမှာ ဆီးသွားတာ
- အကြောင်းပြချက်မရှိ ကိုယ်အလေးချိန်ကျလာတာ
- မောပန်းနေတာ
- စိတ်ဂနာမငြိမ်၊ စိတ်တိုစိတ်ဆတ်လွယ်တာ
- အပြုအမူတွေပြောင်းလဲလာတာ
- အသက်ရှူရင် သစ်သီးနံ့လိုမျိုးရနေတာ စတဲ့ လက္ခဏာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆီးချိုရှိမရှိ စစ်ဆေးပါ။
ဘယ်လိုကုသမလဲ?
လုံးဝပျောက်ကင်းအောင် ကုသလို့မရပါဘူး။ အင်ဆူလင်ထိုးဆေး သို့မဟုတ် အင်ဆူလင် Pump ကို သွေးကြားသကြားဓာတ်နဲ့ ထိန်းညှိပြီး ထိုးပေးမှသာ ဆီးချိုကို ထိန်းထားနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပါမယ်။
- ဆီးချိုအစားအသောက်ပုံစံနဲ့စားတာ
- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာ
- အိပ်ရေးဝအောင် အိပ်တာ
- စိတ်ဖိစီးမှုနည်းအောင်နေတာ တွေကလည်း ဆီးချိုထိန်းညှိဖို့အတွက် အထောက်အကူ ဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို မထိန်းညှိနိုင်ရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့…
- နှလုံးနဲ့သွေးကြောတွေ ထိခိုက်ပြီး သွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေများတာ
- အမြင်အာရုံထိခိုက်တာ၊ မျက်စိကွယ်တာ
- အာရုံကြောတွေ ထိခိုက်ပြီး အနာတွေဖြစ်တာ၊ ခြေလက်တွေ ဖြတ်ရနိုင်ခြေရှိတာ
- ကျောက်ကပ်ထိခိုက် ပျက်ဆီးတာ
- အရိုးပွပြီး အရိုးကျိုးလွယ်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဆီးချိုအထူးကုဆရာဝန်နဲ့ ပုံမှန်ပြသဖို့လိုသလို အင်ဆူလင်ပုံမှန်ထိုးပြီး နေထိုင်စားသောက်မှုပုံစံကို ဂရုစိုက်ခြင်းဖြင့် ဆီးချိုရောဂါရှိပေမယ့် ကျန်းမာပြီး သက်တမ်းစေ့နေနိုင်တဲ့ ကလေးတွေဖြစ်အောင် အုပ်ထိန်းသူများက ကြိုးစားသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်