သွေးဆုံးချိန်မှာ ခန်းခြောက်သွားတဲ့ လိင်စိတ်ကို ဘယ်လိုပြန်အသက်သွင်းမလဲ
အမျိုးသမီးတွေရဲ့ ဘဝမှာ အကြီးမားဆုံးပြောင်းလဲမှုတွေထဲက တစ်ခုဆိုရင် သွေးဆုံးချိန် (menopause) လို့ပဲ ဆိုရမှာပါ။ ရာသီစက်ဝန်းများ လုံးဝရပ်ဆိုင်းသွားပြီး အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က မဟော်မုန်းတွေ ထုတ်လုပ်မှုနည်းသွားတာ၊ လုံးဝမရှိတော့တာကြောင့် ရုပ်ခန္ဓာ၊ စိတ်ပိုင်းဆိုင်ရာတင်မကဘဲ လိင်ပိုင်းဆိုင်ရာမှာပါ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ပြဿနာတွေထဲမှာ အဖြစ်များတာကတော့
- မိန်းမကိုယ်ခြောက်သွေ့တာ
- လိင်ဆက်ဆံတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရတာ
- လိင်စိတ်နည်းပါးသွားတာ
- လိင်ဆက်ဆံဖို့ အတွေးတွေ၊ စိတ်ကူးယဉ်ပုံဖော်တာတွေ မရှိသလောက် နည်းသွားတာ စတဲ့ပြဿနာတွေ ပါဝင်ပါတယ်။
ဒီလိုလိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြန်ကြည့်မယ်ဆိုရင် သွေးဆုံးပြီးနောက်ပိုင်းမှာ ကြုံရတဲ့ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့
- မိန်းမကိုယ်တစ်ရှူးနံရံများ ပါးလာခြင်းကြောင့် လိင်ဆက်ဆံရာမှ ခံစားသိရှိနိုင်မှုနည်းလာတာ
- မိန်းမကိုယ်ခြောက်သွေ့တာကြောင့် ဆက်ဆံတဲ့အခါ နာကျင်မှုခံစားရသလို ပွန်းပဲ့ထိခိုက်ဖို့ ပိုလွယ်တာ
- Dyspareunia လို့ခေါ်တဲ့ လိင်မဆက်ဆံခင်၊ ဆက်ဆံနေစဉ်နဲ့ ဆက်ဆံပြီး မိန်းမကိုယ်ကနေ နာကျင်တာ
- သွေးစီးဆင်းနှုန်း နှေးကွေးသွားတာကြောင့် စိတ်ခံစားမှုနည်းသွားသလို၊ ဆန္ဒပြီးမြောက်ဖို့ ပိုခက်တာတွေအပြင်
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့
- စိတ်ဖိစီးမှု
- စိတ်ဓာတ်ကျခြင်း၊ စိတ်ကျရောဂါ
- ဟော်မုန်းမျှခြေပျက်ယွင်းမှု ပျော်ရွှင်မှုမရှိတော့တာ
- ကိုယ့်ခန္ဓာကိုယ်အပေါ် သဘောကျနှစ်သက်မှု နည်းသွားတာ
- ညဘက်တွေမှာ ကောင်းစွာအိပ်မပျော်နိုင်တာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒီအတွက် သွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ ခန်းခြောက်သွားတဲ့ လိင်စိတ်ကို ပြန်အသက်သွင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်ယူဖို့၊ စိတ်ရှည်ပေးဖို့နဲ့ ကိုယ့်အိမ်ထောင်ဖက်ရဲ့ နားလည်ပေးမှု၊ အားပေးကူညီမှုတွေ အများကြီး လိုအပ်နိုင်ပါတယ်။ တခြား လုပ်ပေးလို့ရတဲ့ အချက်တွေအနေနဲ့
၁။ လိင်စိတ်မရှိရင်တောင် လိင်ဆက်ဆံဖို့ ကြိုးစားကြည့်ပါ။ လုံးဝမဖြစ်နိုင်တဲ့အခါမျိုးမှာ ထိုးသွင်းဆက်ဆံမှုမပါဝင်ဘဲ ချစ်ခြင်းမေတ္တာနဲ့ တယုတယ ပွတ်သပ်ကျီစယ်တာ၊ လိင်အင်္ဂါကို ပါးစပ်၊ လျှာနဲ့နှိုးဆွတာ၊ Sex Toy တွေ သုံးပေးတာမျိုး လုပ်နိုင်ပါတယ်။
၂။ စိတ်ဖိစီးမှုတွေ၊ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေကို အချိန်ယူပြီး ထိန်းချုပ်ကြည့်ပါ။ စိတ်ဖိစီးမှုဟာ လိင်စိတ်နည်းခြင်းရဲ့ အဓိကတရားခံဖြစ်တာကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို အကောင်းဘက်သို့ ရောက်အောင် ပြောင်းလဲပေးနိုင်ဖို့တော့ လိုပါမယ်။
၃။ ကိုယ့်ရဲ့လက်နဲ့ ပွတ်သပ်အာသာဖြေကြည့်ပါ။
၄။ Kegel လေ့ကျင့်ခန်းတွေ၊ ယောဂလေ့ကျင့်ခန်းတွေကို အချိန်နည်းနည်းပေးပြီး လုပ်ကြည့်ပါ။
၅။ Gym မကစားနိုင်ရင်တောင် တစ်ရက်တာမှာ လေ့ကျင့်ခန်း၊ အားကစား၊ ကိုယ်လက်လှုပ်ရှားမှုကို အနည်းဆုံး နာရီဝက်လောက် လုပ်သင့်ပါတယ်။
၆။ ညဘက်တွေမှာ အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ မနက်ဘက်မှာ အိမ်ထဲမှာပဲ မအောင်းနေဘဲ အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ များများထိတွေ့ပေးပါ။
၇။ လိင်ဆက်ဆံတဲ့အခါ ချောဆီများများ အသုံးပြုပြီး လိင်ဆက်ဆံဖို့မမေ့ပါနဲ့။
၈။ ကျန်းမာရေးကို ခါတိုင်းထက် ပိုဂရုစိုက်ပေးပါ။ ကိုယ့်ရဲ့မိသားစုနဲ့ အချိန်ပိုပြီး အတူရှိနေပေးပါ။
ဆေးကုသမှုအနေနဲ့
- မဟော်မုန်းအစားထိုး ကုသခြင်း
- စိတ်ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခြင်း
- တခြားကိုက်ခဲနာကျင်မှုများအတွက် အကိုက်အခဲပျောက်ဆေးများ ညွှန်းပေးခြင်း
- မွှေးရနံ့ကုထုံး
- အိပ်မွေ့ချကုထုံး စတာတွေနဲ့လည်း ကုသပေးနိုင်ပါတယ်။
သင့်အနေနဲ့ သွေးဆုံးနေပြီ၊ ဒါမှမဟုတ် သွေးဆုံးလက္ခဏာတွေ စပြီးခံစားနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး လိုအပ်တဲ့ ဆွေးနွေးကုသမှုတွေ ပြုလုပ်ထားတာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်