အဆုတ်ထဲ ရေဝင်တာ ဘာကြောင့်လဲ
အဆုတ်ထဲရေဝင်တယ်ဆိုရင် အများစုက ရေချိုးမှားလို့ ရေဝင်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ အရေပြားမှာ အဆီလွှာရှိလို့ ရေတွေက ကိုယ်ထဲကို အလွယ်တကူ မဝင်ပါဘူး။
အဆုတ်ထဲရေဝင်တယ်လို့ ပြောပေမယ့် လူတွေသိထားကြတဲ့ အဆုတ်အတွင်းထဲကို ဝင်တာမဟုတ်ပါဘူး။ အဆုတ်ရဲ့ အပြင်ဘက်မှာ အလွှာပါးလေး နှစ်ထပ်ရှိပါတယ်။ ဒီအလွှာပါးလေး နှစ်ခုကြားထဲကို ရေဝင်တာပါ။ ဒါကြောင့် အဆုတ်ရေဝိုင်းတယ်လို့လည်း သုံးကြပါတယ်။ အဆုတ်ထဲ မဝင်ဘဲ အပြင်မှာတင် ရေဝိုင်းနေလို့ပါ။
ပုံမှန်လည်း အဆုတ်ရဲ့ အပြင်အလွှာပါး နှစ်ခုကြားမှာ အရည်အနည်းငယ်ရှိပါတယ်။ အရည်လေးတွေ ရှိမှ အလွှာနှစ်ခု ကပ်မသွားမှာမို့လို့ပါ။
ရောဂါတစ်ခုခုဖြစ်လာရင်တော့ အရည်လေးတွေက ပုံမှန်ထက်များလာတတ်ပါတယ်။
အဆုတ်ထဲရေဝင်ရတဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ အရည်အရောင်ပေါ် မူတည်ပြီး အကြောင်းရင်းကို ခန့်မှန်းလို့ရပါတယ်။
အရည်အကြည်ဆိုရင် ~
- နှလုံးပျက်စီးတာ
- အဆုတ်သွေးခဲပိတ်တာ
- အသည်းခြောက်တာကြောင့် ဖြစ်နိုင်ပါတယ်။
ပြည်လိုမျိုး အရည်ဆိုရင်တော့ ~
- နမိုးနီးယား အဆုတ်ပိုးဝင်တာ
- ကင်ဆာ
- ကျောက်ကပ်ရောဂါ
- အဆုတ်သွေးခဲပိတ်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။
တခြားအကြောင်းရင်းတွေကတော့ တီဘီတို့၊ ရင်ဘတ်ကို ထိခိုက်ဒဏ်ရာရတာတို့၊ ကင်ဆာတို့၊ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။
အဆုတ်ထဲရေဝင်တာက ပမာဏနည်းတယ်ဆိုရင် လက္ခဏာမပြပါဘူး။ ဓာတ်မှန်ရိုက်ရင်းနဲ့မှ သတိထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ပမာဏများလို့ လက္ခဏာပြခဲ့ရင်တော့ ~
- ရင်ဘတ်အောင့်တာ
- ချောင်းဆိုးတာ
- မောတာ
- လှဲအိပ်ရင် မောလို့ ထထိုင်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ကုသနည်းတွေကတော့ ရောဂါအခြေအနေပေါ်၊ လူနာအခြေအနေတွေပေါ်မူတည်ပါတယ်။
အရည်တွေကို အပ်တဲ့စုပ်ထုတ်တာ၊ နံရိုးကြားမှာ ပိုက်တပ်ပြီး အရည်တွေ စုပ်ထုတ်တဲ့ နည်းလမ်းတွေ ရှိပေမယ့် နောက်ခံရောဂါကို မကုသရင် အရည်တွေ ဆက်ထွက်နေဦးမှာပါ။
ဒါကြောင့် တစ်ဖက်ကလည်း ရောဂါအရင်းအမြစ်ကို ကုသဖို့ လိုပါတယ်။
အဆုတ်ထဲရေဝင်တဲ့ လက္ခဏာတွေ ခံစားနေရတယ်ဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့ သေချာပြသပြီး ရောဂါအရင်းခံကို သေချာကုသဖို့ပဲ ဖြစ်ပါတယ်။