Suicide ကမျိုးရိုးလိုက်သလား
Suicide အပေါ်လေ့လာထားတဲ့ ကိန်ဂဏန်းအချက်အလက်များ
မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟာ တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့နေတဲ့ အခြေအနေဖြစ်ပါတယ်။ နှစ်စဉ် Suicide case တွေဟာ တစ်ကမ္ဘာလုံးမှာ ခန့်မှန်းချေ ၁.၅ သန်းခန့်ရှိနေပါတယ်။ ၂၀၁၇ စစ်တမ်းအရ Suicide case ဟာ အသက် ၁၀နှစ်နဲ့ ၃၄နှစ် အရွယ်တွေရဲ့ ဒုတိယမြောက်သေဆုံးရခြင်း အကြောင်းအရင်းဖြစ်ပြီး အသက်၃၅နဲ့ ၄၄နှစ်အရွယ်တွေရဲ့ တတိယမြောက်သေဆုံးရခြင်း အကြောင်းအရင်းဖြစ်ပါတယ်။
Suicide လုပ်နိုင်ချေနဲ့ မျိုးရိုးဗီဇ
Suicide လုပ်စေတတ်တဲ့ မျိုးရိုးဗီဇပါလာပါတယ်လို့ တိုက်ရိုက်တပ်အပ်ပြောလို့မရပေမဲ့ သိပ္ပံနည်းကျ သက်သေသာဓကတွေအရ မျိုးရိုးဗီဇနဲ့ Suicide ဟာ ချိတ်ဆက်မှုရှိတယ်လို့ ထောက်ပြပါတယ်။
"မျိုးရိုးဗီဇဟာ သတ်သေနိုင်ချေကို မြင့်စေပါတယ်"
စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြတတ်ခြင်း၊ အရက်ကြောင်ခြင်း၊ အတိတ်ကဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရှိထားခြင်းစတဲ့ စိတ်ကျန်းမာရေးအခြေအနေတွေဟာ သတ်သေနိုင်ချေကို မြင့်စေခြင်းနဲ့ ဆက်စပ်နေပါတယ်။ မိသားစုမျိုးရိုးထဲမှာ ထိုကဲ့သို့သော အခြေအနေတွေရှိထားခြင်းဟာလည်း သတ်သေစေတတ်တဲ့ အပြုအမူဆီကို တွန်းပို့ပေးရာရောက်စေပါတယ်။ ဒီလို မိသားစုအခြေအနေထဲက ပေါက်ဖွားလာတဲ့သူတိုင်း သတ်သေကြမှာပဲလို့တော့ မဟုတ်ပါ။ ဆိုလိုတာက မိသားစုမျိုးရိုးမှာ ပြသာနာမရှိတဲ့ ပုံမှန်လူနဲ့ယှဉ်ရင်တော့ ကိုယ့်ကိုကိုယ်သတ်သေတဲ့နည်းလမ်းကို ရွေးဖို့ ဖြစ်နိုင်ချေများတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
"အကယ်၍ မိမိချစ်ခင်ရသူက ကိုယ့်ဘာကို အဆုံးစီရင်သွားရင် မိမိရဲ့ ဖြစ်နိုင်ချေလည်း မြင့်ကောင်းမြင့်လာနိုင်ပါတယ်"
မိသားစုအတွင်းမှာသတ်သေဖူးတဲ့ ရာဇဝင်ရှိတဲ့သူတွေအတွက် တစ်စုံတစ်ယောက်ကို ဆုံးရှုံးဖူးထားခြင်းနဲ့ နာကျင်တွေနဲ့ ရှင်ကျန်ရစ်ရခြင်းဟာ စိတ်ဓာတ်ကျစေကာ သတ်သေဖို့ကို တွေးမိစေပါတယ်။
"စိတ်နှစ်ခွဖြစ်နေတဲ့မိဘတွေရဲ့ ကလေးငယ်တွေမှာ သတ်သေဖို့ အကြံအစည်တွေ ခေါင်းထဲဝင်လာတတ်ပါတယ်"
၂၀၁၁ လေ့လာချက်တစ်ခုအရ Bipolar disorder ရှိတဲ့မိဘတွေရဲ့ ကလေးငယ်တွေမှာ Suicide Ideation ဝင်နိုင်ချေ အနည်းဆုံး၃၃% မြင့်တယ်လို့ဆိုပါတယ်။
"အမြွာတွေနဲ့ Suicide"
အမြွာအမြောက်အမြားကို လေ့လာထားချက်အရ Suicide နဲ့ မျိုးရိုးဗီဇဆက်စပ်မှု ရှိတယ်လို့ အတည်ပြုထားပါတယ်။ ၂၀၀၆ ခုနှစ်က အမေရိကန်မှာ ဆယ်ကျော်သက်အမြွာတွေကြားမှာ Suicide အတွေးနဲ့ အပြုအမူတွေ ရှိမှုနှုန်းကို လေ့လာကြရာ တထပ်တည်းကျတဲ့ ရုပ်ချင်းဆင်တဲ့ အမြွာတွေ (identical twin) တွေမှာ ထပ်တူမညီတဲ့ အမြွာတွေ (non identical twin) တွေမှာထက် ဖြစ်နိုင်ချေပိုမြင့်တယ်လို့ဆိုပါတယ်။
အခြားသတ်သေနိုင်ချေ ဖြစ်စေတဲ့ အချက်များ
- ငွေကြေးခက်ခဲမှု ပြသာနာများ
- ဆက်ဆံရေးပြသာနာများ
- သေစေနိုင်တဲ့ ပစ္စည်း၊ လက်နက်တွေနဲ့ အကျွမ်းတဝင် အလုပ်လုပ်နေသူများ
- စိတ်ကျန်းမာရေးပြသာနာကို မကုသဘဲနေတဲ့ ပြသာနာများ
- ဆေးဝါးသုံးစွဲမှုများ
- ကြီးမားတဲ့ ရောဂါဝေဒနာကြီးတစ်ခုခု ရှိနေခြင်း
Suicide ကျူးလွန်နိုင်ချေရှိတဲ့ မျိုးရိုးဗီဇ Gene ရယ်လို့ သတ်သတ်မှတ်မှတ်ရှိသလား?
2020 လေ့လာဆန်းစစ်ချက်ကြီးတစ်ခုအရ လူပေါင်း တစ်သောင်းလေးထောင်ကျော်ခန့်ရဲ့ DNA နမူနာတွေကို လေ့လာကြည့်ကြရာ ၂၂မျိုးသော Gene တွေ လူမှာပါလာခဲ့ရင် Suicide ကျူးလွန်နိုင်ချေမြင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီ Gene တွေဟာ သေချာပေါက် သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာမှာ ဖြစ်ပါတယ်။ သို့သော် ဗီဇတစ်မျိုးတည်းကြောင့်တော့ မဟုတ်ဘဲ တစ်ခြားအကြောင်းအချက်တွေပါ ရောပြွမ်းပေါင်းဆုံတာ ဖြစ်နိုင်ပါတယ်။
"Suicide ကျူးလွန်နိုင်ချေရှိတိုင်း Suicide ကို မရှောင်လွှဲနိုင်တာ မဟုတ်ပါ"
Suicide Risk မြင့်နေတိုင်း Suicide အပြုအမူတွေ ရှိမယ်လို့ အာမခံချက်မရှိပါ။ကာကွယ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။
- အသက်ရှင်ရမယ့် အကြောင်းရင်းတွေကို ရှာဖွေပါ
- ကိုယ်ချစ်ရတဲ့သူဆီကနေ စိတ်ဓာတ်ခွန်အားတွေ ရယူပါ
- ကိုယ်အတွက်အရေးပါသူတွေနဲ့ ပတ်ဝန်းကျင်နဲ့ အဆက်မပြတ်ပါစေနဲ့
- အခက်အခဲကို ကျော်လွန်နိုင်ဖို့ ကြိုးပမ်းသင်ယူပါ
ရေးသားသူ - Dr. May Myat Tun