ကျန်းမာလှပဖို့ ဝိတ်ချကြပါစို့
ဝဝကစ်ကစ်နဲ့ ချစ်စရာကြီးလို အပြောခံရတုန်းခဏ သဘောကျရင်ကျမယ်၊ အဆီတစ်ရစ်၊ အသားတစ်ရစ် ဗိုက်ခေါက်တွေ အထစ်ထစ်နဲ့ ထိုင်လည်းအဆင်မပြေ၊ ထရင်လည်း ဘဝင်မကျရတဲ့ဘဝကို ဘယ်သူမှ ရချင်မယ်မထင်ပါဘူး။
ဝတာဟာ အလှပျက်တာ၊ မပျက်တာထက် ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်း၊ obstructive sleep apnoea လို့ခေါ်တဲ့ အိပ်နေစဥ် အသက်ရှူလမ်းကြောင်းပိတ်၍ အသက်ရှူမကြာခဏ ရပ်ခြင်း၊ အသည်းအဆီဖုံး စတဲ့ ခေါင်းအစခြေအဆုံး ရောဂါမျိုးစုံကို ဖိတ်ခေါ်နေနိုင်တာမို့ ပိန်ပိန်သွယ်သွယ် ရှုချင်စဖွယ်လေးဖြစ်အောင် ကြိုးစားတာက မမှားပါဘူး။
ပိန်တော့ပိန်ချင်တယ် လေ့ကျင့်ခန်းတွေ မလုပ်ချင်ဘူး၊ အစားတွေလျှော့မစားချင်ဘူးဆိုတဲ့ ကိုကိုမမ၊ ဦးဦးဒေါ်ဒေါ်၊ မောင်လေးညီမလေးတွေအတွက် ဘဝနေထိုင်မှုပုံစံ life style ကို ပြောင်းလဲလိုက်တာနဲ့ ကိုယ်အလေးချိန်ကျနိုင်တဲ့ အချက်ကလေးတွေကို ပြောပြပေးသွားမယ်နော်။
1) မနက်စာကို မပျက်မကွက်စားပါ
"ကျန်းမာချင်ရင် မနက်စာကို ရှင်ဘုရင်လိုစားပါ" ဆိုတဲ့စကားလေးတောင် ရှိပါတယ်။ မနက်စာပုံမှန်မစားရင် ဦးနှောက်ထဲမှာ သကြားဓာတ်နည်းသွားတဲ့အတွက် မှတ်ဥာဏ်စွမ်းရည်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။ မနက်စာမစားဘဲ နေလိုက်ခြင်းက နေ့လည်စာနဲ့ ညစာစားတဲ့အခါ မတင်းတိမ်နိုင်ဘဲ ပိုစားမိစေတဲ့အတွက် ဝိတ်ပိုတက်စေပါတယ်။
2) အစာစားချိန်ကို ပုံမှန်ထားပါ
မနက်စာကို ဘယ်အချိန်မှာ စားမယ်၊ နေ့လည်စာကို ဘယ်အချိန်မှာစားမယ်၊ ညနေစာကို ဘယ်အချိန်မှာ စားမယ်ဆိုတာကို သတ်မှတ်ထားပါ။ အချိန်မှန်မစားတာ၊ စားလိုက်မစားလိုက် လုပ်တာက ဆီကြော်တွေ၊ သကြားတွေအများကြီးပါတဲ့ သွားရည်စာတွေကို ပိုစားမိတာမျိုး ဖြစ်စေလို့ပါ။ အစာကို အချိန်မှန်စားတဲ့အခါ အစာခြေစနစ်က ကယ်လိုရီတွေကို ပိုပြီးမြန်မြန်ချေဖျက်ပေးနိုင်မှာ ဖြစ်သလို အစာအိမ်ရောဂါဖြစ်တာမျိုးကနေလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။
3) အသီးအရွက်တွေ များများစားပါ
အစားလျှော့စားဖို့ မလိုပါဘူး။ စားတဲ့အခါ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားဖို့ပဲ လိုတာပါ။ အသီးအရွက်တွေက ကယ်လိုရီပါတာနည်းပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝလို့ ကိုယ်ခံအားကောင်းစေပါတယ်။
4) ရေများများသောက်ပါ
အစာမစားခင် ရေတစ်ခွက်သောက်ခြင်းက အစာစားတဲ့ ပမာဏကို လျော့နည်းစေပါလိမ့်မယ်။ တခါတလေ ဗိုက်ဆာတယ်လို့ထင်ရတဲ့အချိန် ရေသောက်လိုက်တဲ့အခါ ဗိုက်မဆာတော့တာမျိုးလည်း ကြုံဖူးကြပါလိမ့်မယ်။ ရေများများသောက်ခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ရာမှာ အကူအညီဖြစ်တဲ့အပြင် အသားအရေကိုလည်း စိုပြေချောမွေ့စေဦးမှာပါ။ တစ်နေ့ကို ရေနှစ်လီတာကနေ သုံးလီတာအတွင်း ဝင်အောင်သောက်ပါ။
5) အမျှင်ဓာတ်ပါတဲ့ အစားအစာများများစားပါ
အသီးအရွက်တွေ၊ အစေ့အဆန်တွေ၊ ဂျုံ၊ ပေါင်မုန့်၊ ကွေကာအုတ်၊ ဆန်လုံးညို၊ ပဲအမျိးမျိုးစတာတွေမှာ အမျှင်ဓာတ်ကြွယ်ဝလို့ ဝမ်းမှန်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဒါ့အပြင် ဗိုက်လည်း ခဏခဏမဆာစေပါဘူး။
6) အစားအစာတွေရဲ့ ပါဝင်ပစ္စည်းတွေကို သတိပြုပါ
ကိုယ်စားမယ့်အစားအစာမှာ ဘာတွေပါဝင်လဲဆိုတာကို အမြဲဂရုပြုခြင်းဖြင့် ကျန်းမာရေးနှင့်ညီသော အစားအသောက်တွေကို ရွေးချယ်စားသုံးရပါမယ်။ ကယ်လိုရီတွေ၊ သကြားတွေ၊ ဆားတွေ၊ ကြာရှည်ခံပစ္စည်းတွေ အများကြီးပါတဲ့ အစားအစာတွေဟာ ဝိတ်ပိုတက်စေပါတယ်။
7) ပန်းကန်ပြားသေးသေးကို အသုံးပြုပါ
ပန်းကန်ပြားအကြီးကြီးတွေ၊ ခွက်အကြီးကြီးတွေနဲ့ စားသောက်တာက ပမာဏအများကြီး စားမိစေပါတယ်။ ဗိုက်ဝသွားပြီဆိုတာကို အစာအိမ်ကနေ ဦးနှောက်ကို သတင်းပို့ဖို့ မိနစ်၂၀ ခန့်ကြာတယ်လို့ ဆိုတဲ့အတွက် ဖြည်းဖြည်းနှေးနှေးကြေညက်အောင် ဝါးစားပြီး ဗိုက်ပြည့်တယ်လို့ မခံစားရခင်ရပ်လိုက်တာက အဝမလွန်စေခြင်းရဲ့ လျှို့ဝှက်ချက် တစ်ခုပါပဲ။
8) အစားမရှောင်ပါနဲ့
အရမ်းစားချင်တာကို ထိန်းချုပ်ထားရတာက စိတ်မသက်မသာဖြစ်စေသလို မနေနိုင်တော့လို့ စားမိရင်လည်း ရပ်လို့မရတာမျိုးဖြစ်တတ်လို့ စားချင်တာကို မရှောင်ဘဲ ချင့်ချိန်စားပါ။
9) သွားရည်စာတွေ အမြဲဆောင်ထားတာမျိုး မလုပ်ပါနဲ့
အစားမရှောင်ရဘူးဆိုပေမယ့် သွားရည်စာတွေ အမြဲမပြတ်ဆောင်ထားပြီး တစွတ်စွတ်စားနေရင်တော့ ပိန်ဖို့လမ်းမမြင်ပါဘူးနော်။
10) အရက်ဖြတ်ပါ
အရက်မှာ ကယ်လိုရီအများကြီး ပါဝင်သလို အမြည်းတွေစားမိတာကလည်း ဝိတ်ကျဖို့ အဟန့်အတားတစ်ခုပါပဲ။
11) အစားအသောက်ကို တွက်ချက်ပါ
ဒီနေ့ ကယ်လိုရီ ဘယ်လောက်စားမလဲ ဆိုတာ အမြဲတွက်ချက်ပါ။ ပိုစားမိရင် နောက်တစ်ရက် ကယ်လိုရီနည်းတဲ့အစာတွေ ဦးစားပေးခြင်းဖြင့် ထိန်းညှိပါ။
12) ကိုယ်လက်လှုပ်ရှားပါ
လေ့ကျင့်ခန်းလုပ်ရမယ်လို့ မဆိုလိုပါဘူး။ လမ်းလျှောက်တာ၊ အားကစားလုပ်တာ၊ အကြောဆန့်တာ စသဖြင့် တတ်နိုင်သမျှလှုပ်လှုပ်ရှားရှားနေခြင့်ဖြင့် ကယ်လိုရီတွေကို လောင်ကျွမ်းအောင်လုပ်လို့ ရပါတယ်။ အမြဲတမ်းထိုင်နေ၊ အိပ်နေရင်တော့ ဝိတ်ကျဖို့ဆိုတာ အိပ်မက်ထဲမှာပဲ ထားလိုက်ပါ။
ကဲ မပင်မပန်း ဝိတ်ချနည်းတွေသိပြီဆိုတော့ life style ပြောင်းဖို့ အခုပဲစလိုက်ရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်