ကျန်းမာလှပစေသောအစားအသောက်များ
ကျန်းမာဖို့ လှပဖို့ဆိုတာ ကျားမမရွေး၊ အသက်အရွယ်မရွေး လူတိုင်းလိုချင်တဲ့ ဆုတစ်ခုပါ။
လူတွေဟာ ဇရာကို မလွန်ဆန်နိုင်လို့သာ အိုလာရင်အိုလာမယ်၊ နာလာရင်နာလာမယ် တတ်နိုင်သမျှတော့ နုပျိုလှပပြီး ကျန်းမာနေချင်ကြတာချည်းပါပဲ။
ကျန်းမာနုပျိုဖို့ဆိုတာ ဆုတောင်းနေရုံ၊ လိုချင်နေရုံနဲ့မရဘဲ အားထုတ်မှုလည်း လိုပါတယ်။
Skin care တွေသုံးတာ၊ botox ထိုးတာ၊ ကော်လဂျင်နဲ့ ဖြည့်စွက်စာတွေ သောက်တာတွေလို အပြင်ဘက်က ပြုပြင်တာမျိုးမလုပ်နိုင်ရင်တောင် နေထိုင်စားသောက်မှုပုံစံကို ပြုပြင်ခြင်းဖြင့် နုပျိုကျန်းမာလို့ ရပါတယ်။
အိပ်ရေးဝအောင်အိပ်တာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုကင်းအောင်နေတာ၊ တရားထိုင်တာ၊ အကောင်းမြင်စိတ်ထားတာ၊ အစားအသောက်တွေ ရွေးချယ်စားသုံးတာတွေက ဇရာကို အနည်းနဲ့အများအံတုပြီး ကျန်းမာစေပါတယ်။
ဒီဆောင်းပါးမှာတော့ ဘယ်လိုအစားအသောက်တွေက ကျန်းမာနုပျိုစေသလဲဆိုတာကို ပြောပြပေးသွားမှာပါ။
1) ငရုတ်ပွ
ငရုတ်ပွ 100 ဂရမ်မှာ ဗိုက်တာမင် C 400% ပါတဲ့အတွက် အသားအရေနဲ့ ကိုယ်ခံအားအတွက် အကောင်းဆုံးပါ။ သူက ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်တာ၊ ကော်လဂျင်ထုတ်ပေးတာအပြင် antioxidant အနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်ကြွယ်ဝသလို ဗိုက်တာမင် A၊ ဗိုက်တာမင် B6၊ ဗိုက်တာမင် K၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နဲ့ သံဓာတ်လည်း ပါဝင်ပါတယ်။
2) ဘယ်ရီသီး
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ ၊ goji ဘယ်ရီ စတဲ့ ဘယ်ရီအုပ်စုဝင်အသီးတွေကလည်း ဗိုက်တာမင် C နဲ့ antioxidant တွေ ကြွယ်ဝတဲ့အပြင် ဗိုက်တာမင် A လည်းများစွာ ပါဝင်ပါတယ်။
3) ခရမ်းချဥ်သီး
ဗိုက်တာမင် C၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေ ကျန်းမာစေတဲ့ biotin၊ အနာကျက်စေတဲ့ ဗိုက်တာမင် K နဲ့ UV ray တွေကြောင့် အသားအရေပျက်စီးတာကို ကာကွယ်ပေးတဲ့ licopene တွေပါဝင်တဲ့ ခရမ်းချဥ်သီးကိုလည်း ချန်ထားလို့ မရပါဘူးနော်။
4) မုန်လာဥနီ
မုန်လာဥနီမှာလည်း antioxidant၊ ဗိုက်တာမင် C၊ K ၊ biotin ၊ ပိုတက်ဆီယမ် နဲ့ ဗိုက်တာမင် A များစွာပါဝင်လို့ အသားအရေ၊ ဆံပင်၊ ခြေသည်းလက်သည်းနဲ့ မျက်လုံးအတွက် အကောင်းဆုံးပါ။
5) အရိုးစွပ်ပြုတ်
အရိုးစွပ်ပြုတ်တွေမှာ ကော်လဂျင်များစွာပါဝင်သလို အရေးအကြောင်းတွေပျောက်ပြီး အသားအရေစိုပြေစေတဲ့ hyaluronic acid များစွာပါဝင်ပါတယ်။
6) ဘရိုကိုလီ (ပန်းဂေါ်ဖီစိမ်း)
ဘရိုကိုလီမှာလည်း ဗိုက်တာမင်နဲ့ သက်စောင့်ဓာတ် များစွာ ပါဝင်တဲ့အပြင် sulphoraphane လို့ခေါ်တဲ့ အသားအရေကို အောက်ဆီဂျင်ဖြည့်ပေးတဲ့၊ ဆံပင်ခြေသည်းလက်သည်းတွေ ကျန်းမာစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ antioxidant များစွာပါဝင်ပါတယ်။
7) ဝိုင်နီ
နှလုံးကျန်းမာချင်ရင် ဝိုင်ကို နည်းနည်းစီ နေ့တိုင်းသောက်ပါလို့တောင် အဆိုရှိပါတယ်။ ဝိုင်နီမှာ antioxidant တွေပါလို့ အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးမှာပါ။
8) အဆီများတဲ့ငါး
အဆီများတဲ့ငါးတွေမှာပါတဲ့ ဇာတ်လိုက်ကျော် omega 3 fatty acids ကြောင့် နှလုံးသွေးတိုးဆီးချိုတွေမဖြစ်အောင် ကာကွယ်နိုင်သလို ဗိုက်တာမင် K ၊ D၊ E နဲ့ ပိုတက်ဆီယမ်တွေကြောင့်လည်း အသားအရေတင်းပြီး အနာကျက်မြန်စေပါတယ်။
9) ထောပတ်သီး
ထောပတ်သီးမှာ ဗိုက်တာမင်တွေနဲ့ monosaturated fats တွေပါလို့ skin barrier ကောင်းစေပါတယ်။ ဖျော်သောက်တာ၊ မျက်နှာနဲ့ ဆံပင်ကို ပေါင်းတင်တာတွေ လုပ်နိုင်ပါတယ်။
10) အစေ့အဆန်တွေ
နှလုံးကျန်းမာချင်ရင် နေ့စဥ် အစေ့အဆန်နည်းနည်းစီ စားသင့်ပါတယ်။ နှလုံးရော၊ အသားအရေရော ကျန်းမာစေတဲ့ antioxidants များစွာပါဝင်လို့ပါ။
11) အချဥ်ဖောက်ထားတဲ့ အစာတွေ
ကင်မ်ချီ နဲ့ ချဥ်ဖတ်လို အစားအစာတွေမှာ ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယား probiotics တွေပါဝင်ပြီး အဆိပ်အတောက်ဖယ်ရှားပေးတဲ့ detox အာနိသင်လည်း ရှိပါတယ်။
12) ဆေးဖက်ဝင် ဟင်းခတ်အမွှေးအကြိုင်တွေ
နနွင်း၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ သစ်ဂျပိုးတို့လို ဟင်းခတ်အမွှေးအကြိုင်တွေဟာ ရောင်ရမ်းနာကျင်တာကို သက်သာစေပြီး ကင်ဆာကို ကာကွယ်သလို သွေးတွင်းအဆီတွေကိုလည်း လျှော့ချပေးပါတယ်။
13) ချောကလက်အမည်း
ချောကလက်အမည်းဟာ ဘယ်ရီသီးတွေထက်တောင် free radicals တွေကို ချေဖျက်ပေးတဲ့ဓာတ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။ antioxidants နဲ့ ဗိုက်တာမင်တွေ ပါဝင်လို့ မကြာခဏ စားပေးပါ။
ဖော်ပြထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ နေ့စဥ်စားပေးရင် ကျန်းမာနုပျိုပြီး ရောဂါကင်းဝေးမှာမို့ အခုပဲ ပြေးဝယ်လိုက်တော့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်