ဆီးချိုနှင့် သွေးတွင်းအချိုဓာတ်လျော့နည်းခြင်း
ဆီးချိုရောဂါဆိုတာ သွေးထဲမှာ အချိုဓာတ်၊ သကြားဓာတ်တွေ များလို့ ဖြစ်တယ်ဆိုတာ တော်တော်များများ သိကြမှာပါ။ သကြားဓာတ်ဟာ ခန္ဓာကိုယ်အတွက် အထူးသဖြင့် ဦးနှောက်အတွက် အဓိကလိုအပ်တဲ့စွမ်းအင်ပါ။ သကြားဓာတ်လျော့နည်းလို့ရှိရင် ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့သလို ဦးနှောက်ထဲမှာ သကြားဓာတ်အရမ်းနည်းသွားရင် သတိလစ်ပြီး အသက်အန္တရာယ်ရှိတဲ့ထိ ဖြစ်နိုင်ပါတယ်။
တချို့လူတွေက ဆီးချိုရောဂါရှိရင် သကြားဓာတ်မလိုဘူး၊ သကြားဓာတ်စားလို့မရဘူးလို့ လွဲမှားစွာထင်ပြီး အလွန်အကျွံရှောင်တာ၊ အချိုလုံးဝမစားတာမျိုးလုပ်တဲ့အခါ ခန္ဓာကိုယ်မှာ သကြားဓာတ်ပြတ်လပ်တဲ့ ပြဿနာတွေ ဖြစ်လာရပါတယ်။
တကယ်တော့ ဆီးချိုရောဂါသမားတွေဟာ သကြားဓာတ်တက်လွန်းတာ၊ ကျလွန်းတာ မဖြစ်စေဘဲ ပုံမှန်နဲ့အနီးတဝိုက်မှာ ထိန်းညှိထားတာသာ အကောင်းဆုံးပါ။
သကြားဓာတ်များလွန်းရင် အချိန်ကြာလာတာနဲ့အမျှ ကျောက်ကပ်၊ နှလုံးနဲ့ သွေးကြောတွေ၊ အာရုံကြောတွေ၊ မျက်စိ စသဖြင့် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးမှာ ဖြစ်သလို သကြားဓာတ်နည်းရင်တော့ သတိလစ်ပြီး အသက်အန္တရာယ်ထိခိုက်တဲ့ထိ ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကျတာဟာ သာမန်လူထက် ပိုဆိုးနိုင်ပါတယ်။
သကြားဓာတ်နည်းရင် ဘာတွေဖြစ်မလဲ?
- ဖြူဖျော့လာတာ
- ကတုန်ကယင်ဖြစ်လာတာ
- ပျို့အန်ချင်တာ၊ ဆာလောင်သလိုဖြစ်လာတာ
- ချွေးစေးတွေထွက်လာတာ
- ခေါင်းတွေထိုးကိုက်၊ ခေါင်းမူးလာတာ
- မောပန်းနွမ်းနယ်ပြီး အားမရှိသလို ဖြစ်နေတာ
- စိတ်ဆတ်စိတ်တိုနေတာ
- အာရုံစူးစိုက်မှုမရှိတာ
- နှလုံးခုန်ရင်တုန်တာ
- နှုတ်ခမ်းတဝိုက်၊ လျှာနဲ့ လည်ပင်းတွေ ထုံကျင်သလိုဖြစ်တာ
- ညဘက်အိပ်နေစဥ် သကြားဓာတ်ကျတဲ့ လက္ခဏာတွေအနေနဲ့
- အိပ်မက်ဆိုးမက်တာ
- အိပ်ယာမှာ ချွေးစေးတွေနဲ့ စိုရွှဲနေတာ
- ရုတ်တရက် လန့်နိုးပြီး အားအင်ကုန်ခမ်းနေတာမျိုးပါ ဖြစ်နိုင်ပါတယ်။
အချိန်မီသကြားဓာတ်ပြန်မဖြည့်နိုင်ရင် မျက်စိတွေပြာဝေပြီး သတိလစ်တာ၊ တက်တာအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှင်တွေဟာ သွေးသွင်းသကြားဓာတ်လျော့နည်းရင် ဖြစ်တဲ့လက္ခဏာနဲ့ ခံစားရတာတွေကို မှတ်သားထားပြီး ဖြစ်လာရင် အချိုဓာတ်ပြန်ဖြည့်ပေးဖို့ သတိထားသင့်ပါတယ်။
အိမ်မှာ ဆီးချိုဖောက်တဲ့စက် ဆောင်ထားပြီး စစ်ဆေးကြည့်တာမျိုးလုပ်နိုင်ရင် အကောင်းဆုံးပါ။
သွေးဖောက်ကြည့်တဲ့အခါ 70 mg/ dl သို့မဟုတ် 3.9 mmol/L ထက်နည်းနေရင် သွေးတွင်းသကြားဓာတ်နည်းနေပြီလို့ အကြမ်းဖျင်း သတ်မှတ်ပါတယ်။ သွေးအဖြေနဲ့ ခံစားရတဲ့ လက္ခဏာကို တိုက်ဆိုင်စစ်ဆေးပြီး သကြားဓာတ်ပြန်ဖြည့်ဖို့ စဥ်းစားရပါမယ်။ အစာတစ်ခုခုစားတာ၊ အချိုရည်သောက်တာ၊ သကြားလုံးစားတာမျိုး လုပ်နိုင်ပါတယ်။
သတိလစ်တာ တက်တာဆိုရင်တော့ သောက်နေကျဆီးချိုဆေးတွေ၊ အင်ဆူလင်ထိုးတာတွေ၊ အစာကျွေးတာ၊ အချိုရည်တိုက်တာတွေ မလုပ်ဘဲ ဆေးရုံဆေးခန်းချက်ချင်း ပြရပါမယ်။
ဆီးချိုရောဂါလည်းရှိပြီး တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ်ခန့် သွေးတွင်းသကြားဓာတ်နည်းတဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ လုပ်သင့်ပါတယ်။
ဆီးချိုရောဂါဟာ ပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်ပေမယ့် ဆေးရယ်၊ နေထိုင်စားသောက်မှုပုံစံရယ်နဲ့ ပုံမှန်ဖြစ်အောင်၊ ကိုယ်တွင်းအင်္ဂါတွေမထိခိုက်အောင် ကာကွယ်လို့ရတဲ့ ရောဂါပါ။
ဆီးချိုရောဂါရှင်တွေ ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတာကို နောက်ဆောင်းပါးတွေမှာ ဖော်ပြပေးသွားပါမယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
မတုးတိုးဝင်း 09 Nov 2023 |
သွေးတွင်သကြားဓာတ်နည်းနေရင်ဘာတွေစားရမလဲသိချင်လို့ပါ
Soniya 09 Nov 2023 |
သွေးတွင်းသကြားဓာတ်နည်းနေရင်ဘာစားသင့်သလဲ