ရှေ့ပြေးဆီးချိုအကြောင်း
ရှေ့ပြေးဆီချိုဆိုတော့ ဆီးချိုမှာတောင် ရှေ့ပြေးရှိသေးလားလို့ ထင်ကြမှာပါပဲ။ ဟုတ်ကဲ့ ရှိပါတယ်။ ရှေ့ပြေးဆီးချိုဆိုတာ ဆီးချိုရောဂါလို့ သတ်မှတ်ရလောက်တဲ့အထိ မဟုတ်ပေမယ့် ပုံမှန်ထက် သွေးတွင်းသကြားဓာတ် တက်နေတာကို ခေါ်တာပါ။
ရှေ့ပြေးဆီးချိုရှိနှင့်နေတဲ့ ဆီးချိုရောဂါသည်တွေဟာ နှလုံး၊ သွေးကြောတွေနဲ့ ကျောက်ကပ်ပျက်စီးတာတွေ ပိုဖြစ်နိုင်ပါတယ်။
ရှေ့ပြေးဆီးချိုရှိသူတိုင်း ဆီးချိုရောဂါဖြစ်ကိုဖြစ်လိမ့်မယ်တော့ မဟုတ်ပါဘူး။ မဖြစ်အောင် ကာကွယ်လို့ ရပါတယ်။ တကယ်လို့ နေထိုင်စားသောက်မှုပုံစံကို မပြောင်းလဲဘူးဆိုရင်တော့ ရှေ့ပြေးဆီးချိုကနေ ဆီးချိုဖြစ်သွားဖို့ ရာခိုင်နှုန်းတော်တော်များပါတယ်။
ည ၁၀ နာရီနောက်ပိုင်း ရေကလွဲလို့ ဘာမှမစားမသောက်ဘဲ မနက်စောစောဘာမှမစားရသေးခင် သွေးဖောက်ကြည့်တဲ့အခါ 126 mg/ dl ထက်ကျော်ရင် ဆီးချိုရောဂါရှိတယ်လို့ သတ်မှတ်ပြီး 99 mg/ dl အောက်ဆိုရင်တော့ ပုံမှန်လို့ သတ်မှတ်ပါတယ်။ 100 ကနေ 125 mg/ dl ကိုတော့ ရှေ့ပြေးဆီချိုအဖြစ် သတ်မှတ်ပါတယ်။
HbA1 c ဆိုတဲ့ သွေးစစ်ချက်မှာ 6.5 နှင့်အထက်ဆို ဆီးချိုရောဂါ ရှိတယ်လို့ သတ်မှတ်ပြီး 5.6 နှင့်အောက်ဆိုရင် ပုံမှန်၊ 5.7 ကနေ 6.4 အတွင်းဆိုရင် ရှေ့ပြေးဆီးချိုလို့ သတ်မှတ်ပါတယ်။
ရှေ့ပြေးဆီးချိုလက္ခဏာတွေထဲမှာ
- ရေမကြာခဏငတ်ခြင်း
- ဆီးမကြာခဏသွားခြင်း
- ခဏခဏဗိုက်ဆာခြင်း
- အမြင်ဝါးလာခြင်း
- မောပန်းလွယ်ခြင်း
- အနာကျက်နှေးခြင်း
- ခြေတွေလက်တွေ ထုံကျင်ခြင်း
- ရောဂါပိုးဝင်လွယ်ခြင်း
- အကြောင်းပြချက်မရှိ ဝိတ်ကျလာခြင်းတွေ ပါဝင်ပါတယ်။
ပုံမှန်အားဖြင့် စားလိုက်တဲ့အစားအစာတွေထဲမှာပါတဲ့ သကြားဓာတ်တွေကို ခြေဖျက်ပြီးတဲ့အခါ သွေးကြောထဲကတဆင့် ဆဲလ်တွေကို ပို့ပေးပြီး သွေးကြောထဲမှာ သကြားဓာတ်အများကြီး ကျန်မနေခဲ့ပါဘူး။ ထိုလုပ်ငန်းစဥ်ကို အစာအိမ်ရဲ့ အနောက်နားမှရှိတဲ့ မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပေးတဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းက လုပ်ဆောင်ပေးပါတယ်။ သွေးထဲမှာ သကြားဓာတ်နည်းလာရင် အင်ဆူလင်ထုတ်လုပ်မှုကို လျှော့ချလိုက်ခြင်းဖြင့် ထိန်းညှိပေးပါတယ်။
မုန့်ချိုအိတ်ကနေ အင်ဆူလင်တွေ လုံလောက်အောင် မထုတ်ပေးနိုင်တော့တာဖြစ်ဖြစ် ဆဲလ်တွေက အင်ဆူလင်ကို ခုခံမှုဖြစ်ပြီး အဝင်မခံတော့ဖြစ်ဖြစ်ကြောင့် ဆီးချိုရောဂါ ဖြစ်လာပါတယ်။
အဝလွန်သူတွေ
- ခါးတုတ်တဲ့သူတွေ (ခါးပတ်လည် အတိုင်းအတာက ယောကျ်ားဆို လက်မ ၄၀ အထက်၊ မိန်းမဆို ၃၅ လက်မအထက်ရှိသူတွေ)
- အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားတွေ၊ အချိုတွေ အစားများတဲ့သူတွေ
- ကိုယ်လက်လှုပ်ရှား မရှိသူတွေ
- ဆေးလိပ်သောက်သူတွေ
- သွေးတွင်းကိုလက်စထရောဓာတ်များသူတွေ
- အသက် ၄၅ အထက်ရှိသူတွေ
- သွေးတိုးနဲ့နှလုံးရောဂါ ရှိသူတွေ
- ဆီးချိုမျိုးရိုးရှိသူတွေ
- ကိုယ်ဝန်ဆောင်စဥ် သွေးတွင်းသကြားဓာတ်တက်ဖူးသူတွေမှာ အဖြစ်များပါတယ်။
ရှေ့ပြေးဆီးချိုကနေ ဆီးချိုရောဂါမဖြစ်အောင်
- ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
- ဆေးလိပ်ဖြတ်ပါ။
- ဝနေရင် ကိုယ်အလေးချိန်ချပါ။
- သွေးတွင်းအဆီနဲ့ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းညှိပါ။
- ကျန်းမားရေးနဲ့ ညီအောင် အသီးအရွက်များများစားပြီး အချိုနဲ့ အဆီအစိမ့်တွေ လျှော့စားပါ။
ဆီးချိုရောဂါရှင်တွေ နေထိုင်စားသောက်သင့်တဲ့ပုံစံကို နောက်ဆောင်းပါးတွေမှာ ပြောပြပေးသွားပါမယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
Kyaw Lin 14 Jan 2024 |
ဆေးလိပ်သောက်တယ်၊ ကိုယ်အလေးချိန်ကျတယ်၊ အခြင်ဝါးတယ်၊ မိဘဆီးချိုရောဂါရှိ၊ မနက်စာ မစားခင်စစ်ကြည့်တာ 108 mg/ dl ဖြစ်နေတယ်။ ဒါဆို ဆီးချိုရောဂါ ဖြစ်ဖို့များနေပြီပေါ့