ပိုးသတ်မျက်စဥ်းဆေးအကြောင်း
မျက်စိနာလို့၊ မျက်စိယားလို့ မျက်စဥ်းခပ်ဖူးကြမယ် ထင်ပါတယ်။ စျေးကွက်ထဲမှာလည်း မျက်စဥ်းဆေးတွေက တံဆိပ်အမျိုးမျိုး၊ ပါဝင်ပစ္စည်းအမျိုးမျိုးနဲ့ ရှိနေကြတာပါ။ မျက်ရည်တုအနေနဲ့ သုံးရတဲ့မျက်စဥ်းဆေးတွေကအစ ပိုးသတ်အာနိသင်ပါတဲ့ မျက်စဥ်းဆေးတွေ အလယ် စတီးရွိုက်ပါတဲ့ မျက်စဥ်းဆေးတွေ အဆုံး အမျိုးမျိုးအဖုံဖုံ ရှိပါတယ်။
မျက်စိဆရာဝန်နဲ့ သေချာတိုင်ပင်ပြသခြင်း မရှိဘဲ မိမိသဘောနဲ့ ဆေးဆိုင်တွေကနေ မျက်စဥ်းဆေးတွေ ဝယ်ယူသုံးစွဲတာမျိုးက အန္တရာယ်ကြီးမားတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပိုးသတ်မျက်စဥ်းဆေးတွေဆိုတာ ဘာလဲ၊ ဘယ်လိုအခြေအနေတွေမှာမှ သုံးသင့်သလဲဆိုတာကို အနည်းငယ် ပြောပြပေးသွားပါ့မယ်။
ပိုးသတ်မျက်စဥ်းဆေးဆိုတာဘာလဲ?
ပိုးသတ်မျက်စဥ်းဆေးဆိုတာ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ မျက်မြှေးယောင်ခြင်း နဲ့ မသန့်ရှင်းတဲ့ မျက်ကပ်မှန်တပ်မိတာ ဒါမှမဟုတ် မျက်ကပ်မှန်တပ်ပြီး အိပ်မိရာက ဖြစ်တဲ့ မျက်စိပိုးဝင်ခြင်းတွေအတွက် ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးရတဲ့မျက်စဥ်းဆေး ဖြစ်ပါတယ်။
Ciprofloxacin, ofloxacin, tobramycin, erythromycin, chloramphenicol စသဖြင့် ပါဝင်တဲ့ပိုးသတ်ဆေး အမျိုးမျိုးရှိတတ်ပြီး လူနာရဲ့အခြေအနေပေါ် မူတည်ပြီး ပေးရလေ့ရှိပါတယ်။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်မြှေးယောင်ခြင်း၊ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ မျက်မြှေးယောင်ခြင်း နဲ့ မှိုတွေကြောင့်ဖြစ်တဲ့ မျက်စိပိုးဝင်ခြင်းတွေကိုတော့ ပိုးသတ်မျက်စဥ်းဆေးတွေက သက်သာစေမှာ မဟုတ်ပါဘူး။ အဆိုပါ ရောဂါတွေအတွက် ထုတ်လုပ်ထားတဲ့ မျက်စဥ်းဆေးတွေခပ်မှသာ သက်သာမှာပါ။
မျက်စိဘက်တီးရီးယား ပိုးဝင်တဲ့ လက္ခဏာတွေက ဘာတွေလဲ?
မျက်စိက နီရဲနေတာ
ယောင်ရမ်းနေတာ
မျက်စိနာနေတာ
အလင်းကို မကြည့်နိုင်တာ
အဝါရောင် သို့မဟုတ် အစိမ်းရောင် ပြည်တွေ၊ မျက်ဝတ်တွေ ထွက်နေတာ
မျက်ရည်ပူတွေ တောက်လျောက်ကျနေတာမျိုးဆိုရင် မျက်စိဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်နေပါပြီ။
ပိုးသတ်မျက်စဥ်းဆေး သုံးရင်ဘာတွေ သတိထားရမလဲ?
-ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးသင့်ပါတယ်။
-တခြားသူအတွက် ညွှန်ကြားထားတဲ့ဆေးကို မိမိရောဂါနဲ့ သင့်တော်လား၊ မသင့်တော်လား မသေချာဘဲနဲ့ ယူငင်သုံးစွဲခြင်းမျိုး မပြုသင့်ပါဘူး။
-မျက်စဥ်းဆေးတွေဟာ များသောအားဖြင့် ဘူးအဖုံးကိုဖွင့်ပြီး တစ်လအတွင်းသာ သုံးစွဲသင့်ပါတယ်။ အဖုံးဖွင့်ပြီးသားကို နောက်မှသုံးဖို့ ထားတာမျိုး၊ မကုန်သေးဘဲကျန်နေလို့ နှမျောလို့ နောက်တစ်ခါဖြစ်ရင် ထပ်သုံးတာမျိုး မလုပ်သင့်ပါဘူး။
-ညွှန်ကြားချက်ကို သေချာလိုက်နာ သုံးစွဲရပါမယ် (ဥပမာ ၂ နာရီခြားတစ်ခါ နှစ်စက်ထည့်ရမယ် ဆိုတာမျိူး) ။ ဆေးပတ်မပြည့်ခင် သက်သာလို့ မိမိသဘောနဲ့မိမိ ရပ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။
ပိုးသတ်မျက်စဥ်းဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးသင့်တယ်ဆိုတာ မသိကြဘဲ အလွယ်တကူဝယ်ယူ သုံးစွဲနေကြတာဟာ ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ မျက်စိဟာ နူးညံ့ပြီး ထိခိုက်လွယ်သလို အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုမို့ အမြင်အာရုံမဆုံးရလေအောင် ဂရုစိုက်ကြဖို့ ပြောလိုက်ပါရစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
soewin 12 Feb 2024 |
မျက်စိနဲ့ပတ်သတ်လို့သိချင်သာလေးရှိလို့ပါ