မျောက်ကျောက်ရောဂါ ဘယ်လို ကူးစက်သလဲ
မျောက်ကျောက်ကို စဖြစ်စက လူတွေ သိပ်မသိကြပေမယ့် အခုနောက်ပိုင်းမှာတော့ ကြားရဖန်များလာတော့ ရင်းနှီးသလိုတောင် ဖြစ်လာပြီထင်ပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများ နဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ ရှိလာခဲ့ပါပြီ။
မျောက်ကျောက်က ကူးစက်တတ်တဲ့ ရောဂါ တစ်မျိုးဖြစ်တာကြောင့် ကာကွယ်နိုင်ဖို့အတွက် ဘယ်လိုကူးစက်တတ်လဲ ဆိုတာကို သိထားဖို့ လိုပါမယ်။ ဒီတော့ မျောက်ကျောက် ဘယ်လိုများ ကူးစက်တတ်သလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်နော်။
မျောက်ကျောက် ဆိုတာ ဘာလဲ
မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အဖြစ်များတဲ့ ရောဂါတော့ မဟုတ်ပါဘူး။
မျောက်ကျောက် ဗိုင်းရပ်စ် ဆိုတာ ဘာလဲ
မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။
မျောက်ကျောက်ရဲ့ အစ
မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။
မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ လူတွေမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ မျောက်ကျောက်ရောဂါဟာ အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိက နိုင်ငံတွေမှာ စတင်ဖြစ်ပွားခဲ့တာပါ။ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာတော့ အများဆုံး ကူးစက်ဖြစ်ပွားခဲ့ပါတယ်။
မျောက်ကျောက် ဖြစ်နေတာလား
လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ရောဂါလောက်တော့ မပြင်းထန်ပါဘူး။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါ ကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၂၁ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။
မျောက်ကျောက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အစပိုင်းမှာ
- ဖျားတာ
- ခေါင်းကိုက်တာ
- နောက်ကျောတွေ ခါးတွေ နာတာ
- ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ
- ချမ်းတုန်တာ
- ခြေကုန်လက်ပမ်းကျတာ၊ မောပန်းလွယ်တာတွေ ခံစားရနိုင်ပါတယ်။
- အဖျားဝင်ပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ
- အဖျား ဆက်ရှိနေတာနဲ့ အတူ အဖုအပိမ့်တွေ ထွက်လာမှာပါ။ မျက်နှာမှာ စထွက်တတ်ပြီး ဒီကနေမှ ခန္ဓာကိုယ် အခြား အစိတ်အပိုင်းတွေဆီ ပြန့်သွားပါတယ်။
ဒီလို အဖုအပိမ့်တွေ ထွက်လာပြီးတဲ့ နောက်မှာတော့ နောက်ထပ် အဆင့်တွေအနေနဲ့
- အသားအရေ အရောင်ပြောင်းတာ
- အနာစက်တွေ ထွက်လာတာ
- အရည်ကြည်ဖုတွေ ထွက်လာတာ
- ပြည်တည်နာလို ပြည်ဖုလေးတွေ ဖြစ်လာတာ
- အနာတွေ ဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါကို သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ခံစားရနိုင်ပါတယ်။ ၄ ပတ်လောက် အကြာမှာ ပြန်သက်သာသွားတာမျိုး ရှိပါတယ်။ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။
မျောက်ကျောက်ရောဂါ ဘယ်လို ကူးစက်သလဲ
မျောက်ကျောက်ဗိုင်းရပ်စ်က ကူးစက်တတ်တဲ့ရောဂါ တစ်မျိုးပါ။ ဘယ်လို ကူးစက်သလဲဆိုတော့
- ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်နဲ့ ထိတွေ့မိတာ
- ရောဂါပိုး ကူးစက်ခံထားရဲ့ လူတွေနဲ့ ထိတွေမိတာ
- ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာ
- အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့် အနာရဲ့ အနာဖေး၊ အရည်တွေ ပေကျံတာ
- ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူ လမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန်ဆီက လူသားကို ကိုက်မိတာ
- အနာထဲကို သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုး ဝင်ရောက်တာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန် ကုတ်ခံရတာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန်ဆီရဲ့ အသားကို စားမိတာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန်ဆီကို နမ်းရှုံ့တာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့မိတာ
- အနာ အရည်ကြည်ဖုက ထွက်တဲ့ အရည်တွေ ပြည်တွေ အနာဖေးတွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာ
- ရောဂါပိုးရှိသူ အသုံးပြုထားတဲ့ အဝတ်၊ တဘက်၊ အိပ်ရာခင်းတွေကို မျှဝေ သုံးစွဲမိတာကြောင့်လည်း ကူးစက်နိုင်ပါတယ်။
ရေးသားသူ - မွန်မွန်